ချင်းမိုင်တွင် မီးခိုးမြူမှုန်များ သတ်မှတ်စံချိန်ထက် ပိုမိုထူထပ်နေ

ထိုင်းနိုင်ငံ၊ ဒုတိယမြို့တော် ချင်းမိုင်မြို့မှာ ဒီကနေ့ မတ်လ ၆ ရက် တိုင်းထွာချက်အရ မီးခိုးမြူမှုန်တွေ သတ်မှတ်စံချိန်ထက် လွန်ကဲစွာထူထပ်နေတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ခုသီတင်းပတ်အတွင်း တောမီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီးတဲ့နောက် ဒီကနေ့ မွန်းလွဲပိုင်း တိုင်းထွာချက်အရ ချင်းမိုင်မြို့ ချန့်ဖိုတ်ရပ်ကွက်မှာ မီးခိုးမြူမှုန်သိပ်သည်းမှု ၁ စတုရန်းမီတာလျှင် ၇၉ မိုက်ခရိုဂရမ်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချင်းမိုင်ခရိုင် ဟန်ဒုံးမြို့မှာလည်း ၁ စတုရန်းမီတာလျှင် ၁၃၆ မိုက်ခရိုဂရမ်ထိရှိနေပြီး တခြားခရိုင်တွေလည်း ထိုနည်းတူစွာ မီးခိုးမှုန်တွေ ထူထပ်နေတယ်လို့ ဆိုပါတယ်။
ခုတပတ်တွင်း အိမ်နီးချင်းနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ တောမီးလောင်မှု Hot Spots ဇုန်တွေ များစွာတွေ့ရကြောင်း၊ မြန်မာနိုင်ငံဘက်မှာ Hot Spots ၆၇၀၁ နေရာ နဲ့ ထိုင်းနိုင်ငံမှာ ၂၅၈၃ နေရာ တွေ့ရှိကာ မတ်လ ၄ ရက်မှ ၁၀ ရက်နေ့တွေအတွင်း မီးခိုးမြူမှုန်တွေ ဆက်လက်ထူထပ်မယ့် အခြေအနေရှိတယ်လို့ သတင်းမှာဖော်ပြပါတယ်။
သိပ်သည်းဆစံနှုန်း 2.5 PM ထက်ပိုများတဲ့ အဆိုပါမီးခိုးမြူမှုန်တွေဟာ ချင်းမိုင်ရှိ လူဦးရေ ၁ မှ ၁ ဒသမ ၄ အတွက် အဆုတ်ကင်ဆာရောဂါအန္တရာယ်ရှိနေတယ်လို့ ချင်းမိုင်တက္ကသိုလ်က သတိပေး ထုတ်ပြန်ထားတာကြောင့် မီးခိုးမှုန်အကာအကွယ် နှာခေါင်းစည်းတွေလည်း ရောင်းကောင်းနေတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
Source- Chiangmai News