close

တရုတ်အမျိုးသားကွန်ဂရက်က ဝန်ကြီးချုပ်သစ် အစားထိုးခန့်အပ်ရန် ပြင်ဆင်

ရာထူးတာဝန်ကနေ အငြိမ်းစားယူတော့မယ့် တရုတ်ဝန်ကြီးချုပ် လီကီချန်းရဲ့ နေရာမှာ  လီချန်ကို အစားထိုးခန့်အပ်ဖို့ မတ် ၅ ရက်မှာစတဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အတွင်း ပြင်ဆင်နေပြီး အတည်ပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။

သမ္မတ ရှီကျင့်ဖျင်နဲ့ လီချန်ရဲ့ နီးစပ်မှုဟာ အားသာချက်ရော အားနည်းချက်ပါ နှစ်ခုလုံး ဖြစ်စေတယ်လို့ တရုတ်ခေါင်းဆောင်မှုကို စောင့်ကြည့်သူတွေက သုံးသပ်ပြောကြပြီး လီချန်ဟာ ရှီရဲ့ ယုံကြည်မှုကိုရပေမဲ့ ကာလကြာရှည် ကူညီထောက်ပံ့သူအဖြစ်သာ သတ်မှတ်ခံထားရပါတယ်။

ဗျူရိုကရက်တဦးဖြစ်သူ လီချန်ဟာ ဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်ခံရရင်တော့ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ နံပါတ် ၂ ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

လီချန်ဟာ ရှန်ဟိုင်းဒေသခံပြည်သူ ၂၅ သန်းကို ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ဟန့်တားနိုင်ရေး ပိတ်ဆို့တားမြစ်မှုတွေ ဆောင်ရွက်ရာမှာ ကြီးကြပ်ခဲ့လို့ လူသိများခဲ့ပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်ကြောင့် တရုတ်ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းရဲ့ စီးပွားရေးကို ထိခိုက်စေလို့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေ ကျန်ရစ်ခဲ့ပေမဲ့ ရာထူးတိုးတာကို နှောင့်နှေးထိခိုက်တာ မရှိခဲ့ပါဘူး။

ကျဲ့ကျန်းပြည်နယ်ဇာတိဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် လီချန်ဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲဖြစ်ချိန် ရှီရဲ့ အယုံကြည်ရဆုံးသော လူယုံတွေသာ တာဝန်ယူရတဲ့ စစ်ဦးစီးအရာရှိချုပ် ဖြစ်ခဲ့ဖူးပါတယ်။

Up