ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်တပ် ဝင်ရောက်၊ ထိုင်ဝမ်က တပ်လှန့်ထား

ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတုန်း တရုတ်စစ်တပ်က ထိုင်ဝမ်ပိုင်နက်နဲ့နီးတဲ့ နေရာတွေထဲကို ရုတ်တရက် ဝင်လာလို့ အခုနှစ်ထဲမှာ တပ်လှန့်ထားရတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကွာချန်က မတ် ၆ ရက်မှာ သတိပေးခဲ့ပါတယ်။
လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို ဖြေရာမှာ ချူက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ဟာ ထိုင်ဝမ်ရဲ့ လေကြောင်းနဲ့ ပင်လယ်ပြင်နားက ပိုင်နက် နယ်မြေတွေထဲကို ဝင်ဖို့ ဆင်ခြေရှာနိုင်တယ်လို့ ပြောပါတယ်။
ထိုင်ဝမ်ကျွန်းဟာ အမေရိကန်နဲ့ စစ်ရေးအရ အလဲအလှယ်တွေ တိုးလုပ်လာတဲ့အတွက် တရုတ်ပြည်မကြီးအစိုးရက ဒေါသထွက်နေတာပါ။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကိုသိမ်းဖို့ အနာဂတ်မှာ “အင်အားသုံး” လာနိုင်ပါတယ်။ ထိုင်ဝမ်က သူ့ပိုင်နက်ထဲကို တရုတ်လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်လာရင် မိမိကိုယ်မိမိ ကာကွယ်ဖို့ တန်ပြန်တိုက်ခိုက်ပိုင်ခွင့်ကို ကျင့်သုံးသွားမယ်လို့ ကတိပြုထားပါတယ်။
တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် အခိုင်အမာ ပြောဆိုထားပြီး လိုအပ်ရင် ထိုင်ဝမ်ကျွန်းကို တရုတ်ထိန်းချုပ်မှုအောက် အရောက်သွင်းဖို့ အင်အားသုံးမယ့် နည်းလမ်းကို မပစ်ပယ်ထားပါဘူး။