close

ထိုင်းနှင့် ကမ္ဘောဒီးယား ရိုးရာလက်ဝှေ့မူပိုင်ခွင့် အငြင်းပွားမှု ရွှေ့ပြောင်းလုပ်သားများအပေါ် ရိုက်ခတ်

ကမ္ဘောဒီးယားနိုင်ငံက လာမယ့်မေလထဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)\မှာ  ထိုင်းရိုးရာလက်ဝှေ့အားကစားပွဲကို ဖြုတ်ချပြီး ကမ္ဘောဒီးယား ရိုးရာလက်ဝှေ့ပွဲကို အစားထိုးလိုက်တဲ့နောက် ထိုင်းဘက်က ဝင်မပြိုင်တော့သလို မူပိုင်ပြဿနာအငြင်းပွားမှုတွေလည်း နောက်ဆက်တွဲဖြစ်ပေါ်နေပါတယ်။ 

ကမ္ဘောဒီးယားဘက်က အဆိုပါရိုးရာအားကစားပွဲမှာ သူတို့ရဲ့ဘိုးဘွားစဉ်ဆက်ရိုးရာပွဲဖြစ်ပြီး ထိုင်းဘက်က ယူသွားတာလို့ စွပ်စွဲသလို ထိုင်းဘက်ကလည်း သူတို့ရိုးရာ ထိုင်းလက်ဝှေ့ (မွေထိုင်း) ဆိုတာကို နိုင်ငံတကာက အသိအမှတ်ပြုထားတာဆိုပြီး နှစ်ဘက်နိုင်ငံသားတွေအကြား အငြင်းပွားနေကြတာပါ။ 

ဒီကြားထဲ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် ဒိုမီနီဝီလျံကလည်း ထိုင်းမုန့်ပဲသရေစာအစုံကို ဗန်းထဲထည့်ထားတဲ့ပုံကို တင်ပြီး သူ ကြိုက်တဲ့ ကမ္ဘောဒီးယား ရိုးရာမုန့်တွေလို့ ကိုယ်ပိုင် လူမှုကွန်ရက်ပေါ်ရေးတင်ခဲ့ရာမှာ ထိုင်းလူမျိုးအမြောက်အမြားက သွားရောက်ကန့်ကွက်ဝေဖန်ကြလို့  ဖေ့စ်ဘွတ်ခ်ကို ပိတ်လိုက်ရတဲ့ထိ ဖြစ်သွားခဲ့ပါတယ်။ 

လာအိုနိုင်ငံ လက်ဝှေ့အသင်းဥက္ကဋ္ဌ ချိုင်းဆွန်ဆန်ဆမွန်က သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေ ကမ္ဘောဒီးယား လက်ဝှေ့ကို ချီးမွမ်းလိုက်တဲ့အခါမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ပြဿနာဟာ လာအိုနိုင်ငံ ခရီးသွားလုပ်ငန်းနဲ့ ထိုင်းရောက် လာအို ရွှေ့ပြောင်းလုပ်သားတွေပေါ် ဂယက်ရိုက်သွားနိုင်တယ် ဆိုပြီး ဝေဖန်မှုမြင့်တက်ခဲ့ပါတယ်။ 

လာအို ယူကျူ့ပါတစ်ယောက်ကလည်း လာအိုလက်ဝှေ့ဥက္ကဋ္ဌ အဲဒီလိုပြောလိုက်တော့ လာအိုကို အလည်လာမယ့် ထိုင်းခရီးသွားဧည့်သည်တွေ ခရီးစဉ်ရုပ်သိမ်းတာရှိသလို သူ့ရဲ့ယူကျူ့ချနယ်လ်မှာလည်း ထိုင်းပရိသတ် အများကြီးလျော့သွားတယ်လို့  ပြောပါတယ်။ 

အမျိုးသားရေးဝါဒီ ထိုင်းလုပ်ငန်းရှင်တယောက်ကတော့ သူ့စက်ရုံက ကမ္ဘောဒီးယားလုပ်သား ၁၃၈ ဦးကို လျော်ကြေးပေးကာ အလုပ်ဖြုတ်လိုက်ကြောင်း၊ လာအိုလုပ်သား ၃၈ ယောက်သာ ကျန်ပြီး မြန်မာအမ်အိုယူလုပ်သားတွေနဲ့ အစားထိုးသွားမယ်လို့ ရေးသားခဲ့ပါတယ်။ 

အဆိုပါစက်ရုံ ဘယ်ဒေသမှာရှိလဲဆိုတာ ဖော်ပြခြင်းမရှိပေမယ့် ကိုယ့်အကျိုးစီးပွားကို မငဲ့ကွက်ဘဲ အမျိုးသားရေးရှေ့တန်းတင်သူအဖြစ် ထိုင်းလူမှုကွန်ရက်မှာ ချီးမွမ်းနေကြပါတယ်။ 

အလုပ်သမားအေဂျင်စီတခုက မြဝတီနယ်စပ်က ဝင်လာတဲ့ မြန်မာလုပ်သားတွေ သွားရောက်ကြိုဆိုပုံ လိုက်ဖ်လွှင့်ရာမှာ ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေက ဝမ်းသာအားရကြို ဆိုကြောင်း၊ အငြင်းသန်တဲ့ ကမ္ဘောဒီးယားလုပ်သားတွေ ကိုယ့်အိမ်ကိုယ်ပြန်ကြ၊ မင်းတို့ မရှိလည်း မြန်မာလုပ်သားတွေ အများကြီးရှိတယ်၊ ရှမ်းနဲ့ မြန်မာလုပ်သားတွေက ထိုင်းအလုပ်ရှင်တွေနဲ့ ပိုပြီး အဆင်ပြေအောင် နေတတ်တယ် စသဖြင့် ကွန်မဲင့်မှာ ဝင်ရောက်ရေးသားကြပါတယ်။ 

ထိုင်းမှာ လာအလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား ၁ ဦးက လက်ရှိ ယဉ်ကျေးမှုမူပိုင်ပြဿနာမှာ ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားတွေကြား စိတ်ဖိစီးမှု ဖြစ်စေကြောင်း၊ အလုပ်လုပ်ရတာ ပင်ပန်းရတဲ့ထဲ ဒီပြဿနာပါဝင်လာလို့ ကျေးဇူးပြုပြီး တဘက်နဲ့ တဘက် ဝေဖန်တိုက်ခိုက်မှုတွေ ရပ်တန်းကရပ်ဖို့ တောင်းပန်ကြောင်း tiktok ကနေ မေတ္တာရပ်ခံထားပါတယ်။

“ကျနော် မနေနိုင်လွန်းလို့ ဝင်ပြောရတာပါ။ ကျနော်တို့နိုင်ငံကလူတွေ ထိုင်းကို ဝေဖန်မယ်ဆိုရင် ဒီမှာ အလုပ်လာလုပ်နေရတဲ့ ကျနော်တို့လို ရွှေ့ပြောင်းအလုပ်သမားတွေကို သနားပါဦး။ အလုပ် လုပ်ရတာ ပင်ပန်းရတဲ့ထဲ ဒီဒရာမာနဲ့ ထပ်ကြုံရပြန်တယ်။ ဒီယဉ်ကျေးမှု ဘယ်ကအရင်စတယ်ဆို တဲ့ သမိုင်းကို တူးဆွပြီး အငြင်းပွားနေမယ့်အစား လက်ရှိအခြေအနေ ဆက်ဆံရေး ကောင်းမွန်အောင်၊ အနာဂတ်မှာ ဆက်ဆံရေးကောင်းမွန်အောင်လုပ်ကြပါ၊ ဟိုဘက်က လေတိုက်လာတာ ဒီဘက်ကို လာရိုက်ခတ်တယ်၊ တော်ကြပါတော့လို့ တောင်းပန်ပါတယ်။” 

အဆိုပါ ကမ္ဘောဒီးယားအလုပ်သမားရဲ့ ရင်ဖွင့်ချက်တွေကို ထိုင်းသတင်းဌာနမှာလည်း ဖော်ပြပြီး ထိုင်းလူမှုကွန်ရက်မှာလည်း ထောက်ခံအားပေးနေကြပါတယ်။ 

ကိုးကားများ - mgronline

Up