close

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း စစ်မြေပြင်တိုက်ခိုက်ရေးလေ့ကျင့်မှု ကြည့်ရှု

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ စစ်မြေပြင်တိုက်ခိုက်ရေး လေ့ကျင့်မှုတွေကို ကြည့်ရှုခဲ့ပြီး တကယ့်စစ်ပွဲအတွက် စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် ရုပ်မြင်သံကြား KRT က မတ် ၁၀ ရက်မှာ ဓာတ်ပုံတွေနဲ့တကွ ကြေညာသွားပါတယ်။

ကင်မ်ဂျုံအန်းနဲ့အတူ သူ့ရဲ့သမီးငယ်လေး လိုက်ပါကြည့်ရှုခဲ့တာဖြစ်ပြီး မကြာသေးခင်က အဓိက ပွဲအခမ်းအနားတွေ များစွာမှာ လိုက်ပါလေ့ရှိပါတယ်။

ပြုံယမ်းဟာ သူ့ရဲ့ အနောက်ဘက်ကမ်းရိုးတန်းကနေ တာတိုပစ်ဒုံးကျည်တစင်းကို မတ် ၉ ရက်က ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ တူညီတဲ့ နေရာဧရိယာကနေ ဒုံးပျံအများအပြားကို တပြိုင်နက်တည်း ပစ်လွှတ်နိုင်ဖွယ်ရှိကြောင်း ဖြစ်နိုင်ခြေတွေကို လေ့လာစိစစ် ခွဲခြမ်းစိတ်ဖြာထားကြောင်းလည်း ဆိုပါတယ်။

KRT က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ အနည်းဆုံး ဒုံးကျည် ၆ စင်း တချိန်တည်း တပြိုင်တည်း ပစ်လွှတ်တာကို ပြသထားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ လာမယ့်အပတ်မှာ Freedom Shield စစ်ရေးလေ့ကျင့်မှုလို့ လူသိများတဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှုကို စတင်ဖို့ ပြင်ဆင်နေချိန်မှာပဲ ခုလို နောက်ဆုံးပေါ်ဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Up