close

လပေါ်သွားရောက်မည့် အာကာသယာဉ်မှူးများအတွက် ဝတ်စုံ နာဆာ ပြသ

အမေရိကန်အာကာသအေဂျင်စီ နာဆာက လာမယ့် ၂၀၂၅ ခုနှစ်အတွင်း လပေါ်ကို သွားရောက်မယ့် နောက်ထပ် မစ်ရှင်တခုမှာ အာကာသယာဉ်မှူးတွေ ဝတ်ဆင်မယ့် ဝတ်စုံရှေ့ပြေးပုံစံကို မတ်လ ၁၅ ရက်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

တက္ကဆက်ပြည်နယ်ရှိ ဟူစတန်အာကာသစင်တာမှာ ကျင်းပတဲ့ အခမ်းအနားတခုအတွင်း ဒီအာကာသဝတ်စုံမှာ ပါဝင်မယ့် မီးအလင်းတန်းတွေ အပါအဝင် ရုပ်ထွက် ကြည်လင်ပြတ်သားတဲ့ ကင်မရာတွေနဲ့အတူ ရွေ့လျားနိုင်စွမ်း မြှင့်တင်ထားတာတွေကို သရုပ်ဖော် ပြသခဲ့ပါတယ်။

နာဆာရဲ့ နှစ်ပေါင်းများစွာ ကြာမြင့်မယ့် သုတေသနနဲ့ ကျွမ်းကျင်မှုဆိုင်ရာ အားတမစ်စ်-သရီး မစ်ရှင်အတွက် အာကာသဝတ်စုံတွေကို ဖန်တီးထုတ်လုပ်ဖို့ အက်ဆီယမ် စပေ့စ် ကုမ္ပဏီက ရွေးချယ်ခံထားရကြောင်း နာဆာအရ သိရပါတယ်။

အားတမစ်စ် အမည်ရ စမ်းသပ်မှုဆိုင်ရာ မစ်ရှင် ၂ ခုအပြီးမှာ အမျိုးသမီးတဦး ပထမဆုံး ပါဝင်လာမယ့် အားတမစ်စ်-သရီး မစ်ရှင်အတွင်း လပေါ်ကိုအခြေချနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။

Up