close

ထီလင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၄ ဦးနှင့် YRA တပ်ခွဲမှူး ၁ ဦး ကျဆုံး

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ မတ် ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်တပ်က ၄ ယောက် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က တပ်ခွဲမှူး ၁ ယောက်ကျဆုံးပြီး ရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ်(၁၅၊၁၆၊၁၇) တပ်ရင်း-YRA ထီးလင်းက သိရပါတယ်။

မတ် ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ထီးလင်းမြို့နယ် ဆေးမင်းတောကျေးရွာကနေ စစ်ကောင်စီယာဥ်တန်းထွက်တဲ့အချိန်  နောက်ချန်တပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ YRA ရဲ့ ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ဝင်ရောက်ပစ်ခတ်တဲ့အချိန်မှာ တချို့ကင်းပုန်းတွေနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်တာမျိုးတွေ ရှိတယ်။ ကျနော်တို့ဘက်က အာရုံစိုက်တဲ့အချိန်မှာ တခြားနေရာက ကင်းပုန်းတွေက မထင်မှတ်ဘဲ ဝင်ပစ်ခံရတာတွေရှိတယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က အယင်စပစ်တဲ့ အချိန်မှာ စစ်ကောင်စီဘက်က ၅ ယောက်လောက်ထိမှန်သွားပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်‌။ နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားတဲ့အချိန်မှာ ကျနော်တို့ ရဲဘော်တွေကြားထဲကို လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲပြီး တပ်ခွဲမှူးအပါဝင် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်” လို့ သခင်ဇော်က ပြောပါတယ်။

ဂန့်ဂေါခရိုင် တပ်ရင်း ၁၇၊ တပ်ခွဲ ၃ က တပ်ခွဲမှူး အသက် ၂၁ နှစ်အရွယ် ကိုကျော်မင်းလွင်ဟာ ခြေထောက်တဖက်ပြတ်သွားပြီး ပြန်မဆုတ်နိုင်တော့လို့ ရဲဘော်တွေကို နောက်ဆုတ်ခိုင်းပြီး AK47 သေနတ်တလက်နဲ့ ကာဗာပစ်ပေးပြီး ကျန်နေခဲ့တာလို့ ဆိုပါတယ်။

အဲဒီနေ့ ညနေမှာ တိုက်ပွဲဖြစ်ခဲ့ရာ နေရာကို ပြန်သွားကြည့်ရာမှ ကိုကျော်မင်းလွင်ရဲ့ အလောင်းကိုပြန်ရပြီး AK47 သေနတ်တလက်တော့ စစ်ကောင်စီတပ်က သိမ်းသွားတယ်လို့ ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ မတ် ၁၇ ရက်နေ့ ညနေကလည်း မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၄ ယောက် သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်(၁၅၊၁၆၊၁၇) YRA-ထီးလင်းကနေ သိရပါတယ်။

Up