close

တနင်္သာရီတွင် ကွမ်းသီးစက်ရုံ၊ ဆိုင်ကယ်၂ စီးနှင့် နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကျောက်တလုံးချောင်းကျေးရွာနားမှာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ကွမ်းသီးစက်ရုံ၊ ကွမ်းသီးခြောက် ပိဿာချိန် အများအပြား၊ ဆိုင်ကယ် ၂  စီးနဲ့ နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တနင်္သာရီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မတ် ၁၅ ရက်လောက်က တကူကျေးရွာနဲ့ ဘန်းလမွတ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မတ် ၁၆ ရက်မှာ တိုက်ပွဲဖြစ်ပွားရာ ကျောက်တလုံးချောင်းနားက ကွမ်းသီးစက်ရုံ၊ ကွမ်းသီးခြောက် ပိဿချိန် အများအပြား၊‌ ဆိုင်ကယ် ၂ စီးနဲ့နေအိမ် တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "တိုက်ပွဲဖြစ်ပြီးတော့ နောက်တရက်မှာ စစ်တပ်က မီးရှို့သွားတာပါ။ စုစုပေါင်း ကျပ်သိန်း ၁ဝဝဝ ကျော်တယ်လို့ သိရတယ်။ လူတွေတော့ အထိအခိုက် မရှိဘူး" လို့ ပြောပါတယ်။

မတ် ၁၅ ရက် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ အတည်ပြုနိင်ခြင်း မရှိသေးပါဘူး။

ဒါအပြင် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်ဝင်ရောက်လာတာကြောင့်  တနင်္သာရီမြို့နယ်က ကျေးရွာတချို့မှာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Up