အိမ်ရှင်အိန္ဒိယနှင့်ကန်မည့်ပွဲ ခက်ခဲနိုင်ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာမရှိကြောင်း မြန်မာနည်းပြပြော

အိမ်ရှင်အိန္ဒိယအသင်းနဲ့ပွဲဟာ ခက်ခဲနိုင်ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာမရှိကြောင်း မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနည်းပြသစ် မိုက်ကယ်ဖိုက်တန်ဘိုင်နာက ပြောပါတယ်။
မြန်မာဘောလုံးအသင်းဟာ Hero Tri Nation ၃ နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအဖြစ် အိန္ဒိယနိုင်ငံ အင်ဖာမြို့မှာ ပွဲစဉ်နှစ်ပွဲယှဉ် ပြိုင် ကစားသွားရမှာပါ။
မတ်လ ၂၂ ရက်မှာ အိမ်ရှင်အိန္ဒိယနဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး စုစည်းလေ့ကျင့်ချိန်နည်းပါးလို့ ခက်ခဲမှုရှိနိုင်ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာတော့မရှိကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြော ပါတယ်။
“အိမ်ရှင်နဲ့ပွဲက ကျနော်တို့အတွက် ပထမဆုံးပွဲလည်း ဖြစ်သလို စုဖွဲ့မှု တစ်ကြိမ်တည်းနဲ့ ပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာမယ့် အနေအထားပါ။ ကစားသမားတွေကို ကျနော်ယုံပါတယ်။ သူတို့က တစ်ဦးချင်း နေရာအလိုက်ထူးချွန်တဲ့ ကစားသမားတွေပါ။ ရလဒ် ဘယ်လိုထွက်ပေါ်မလဲဆိုတာ အခုအချိန်မှာ ဘာမှပြောလို့မရဘူး။ ကျနော်တို့ ခက်ခက်ခဲခဲ ကစားရမှာဖြစ်ပေမဲ့ မဖြစ်နိုင်ဘူး ဆိုတာတော့ မရှိပါဘူး။ ကစားသမားတွေ စွမ်းဆောင်မှုက အရေးကြီးသလို သူတို့ကိုလည်း ကျနော်တို့ ယုံကြည်ပါတယ်။ နည်းစနစ် နည်းဗျူဟာတွေဆိုတာထက် ကစားသမား တစ်ဦးချင်းကနေ အသင်းလိုက် စွမ်းဆောင်နိုင်မှုကို ပိုမျှော်လင့်ပါတယ်။”
ထိုင်းနဲ့ မလေးရှားနိုင်ငံက ကလပ်တွေမှာကစားနေတဲ့ ကစားသမားတွေဟာ မတ်လ ၂၁ ရက်ကမှ အသင်းနဲ့ ပူးပေါင်းနိုင်ခဲ့တာလို့ အိန္ဒိယနဲ့ပွဲမတိုင်ခင် လေ့ကျင့်ချိန် တစ်ချိန်ပဲရှိမှာပါ။ မလေးရှားကလပ် PDRM မှာကစားနေတဲ့ ကွင်းလယ်လူ ကျော်မင်းဦးကတော့ အသင်းမှာအတွေ့ အကြုံရှိကစားသမားတွေနဲ့ လူငယ်တွေပေါင်းစပ်ထားပြီး ရလဒ်ကောင်းရရှိအောင် အစွမ်းကုန်ကြိုး စား ကစားမှာဖြစ်ကြောင်း ပြောပါတယ်။
မြန်မာအသင်းဟာ မတ်လ ၂၅ ရက်မှာ ကာဂျစ္စတန်အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
PHOTO-MFF