အာဆင်နယ်ကစားသမားဟောင်း အိုဇေးလ် ဘောလုံးကစားသမားဘဝမှ အနားယူ

ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့ဖူးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မီဆွတ် အိုဇေးလ်ဟာ အသက် ၃၄ နှစ်အရွယ်မှာ ဘောလုံးကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း မတ်လ ၂၂ ရက်မှာ ကြေညာလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အာဆင်နယ်အသင်း ကစားသမားဟောင်း အိုဇေးလ်ဟာ ၂၀၁၄ ခုနှစ် ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရရှိခဲ့တဲ့ ဂျာမနီနိုင်ငံအသင်းအတွက် အဓိက ကစားသမားတဦး ဖြစ်ခဲ့သူပါ။
၁၇ နှစ်တာ ကစားသမားဘဝအတွင်း ဒဏ်ရာတချို့ ရရှိလာခဲ့ပြီးနောက် ဘောလုံးလောက စင်မြင့်ကနေ ထွက်ခွာဖို့ အချိန်ကျရောက်လာခဲ့တယ်လို့ အိုဇေးလ်က မှတ်ချက်ပေးပါတယ်။
ဂျာမနီနိုင်ငံမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ စုပြုံဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ အချေအတင် ဆွေးနွေးမှုတွေအကြား ၂၀၁၈ ခုနှစ်မှာ နိုင်ငံ့လက်ရွေးစင် ကစားသမား အဖြစ်ကနေ သူအနားယူခဲ့ပါတယ်။
တူရကီမျိုးရိုးကနေ ဆင်းသက်လာတာကြောင့် “လူမျိုးရေးခွဲခြားမှုနဲ့ မလေးမစားပြုမှု” တို့ကို ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ ပြောဆိုချက်နဲ့အတူ တူရကီသမ္မတ တေယစ်ပ် အာဒိုဂန်နဲ့ပါ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့အတွက် အိုဇေးလ်ဟာ ဆန့်ကျင်ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
အိုဇေးလ်ဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၆၄၅ ပွဲ ကစားပေးခဲ့ရာမှာ ၁၁၄ ဂိုးအထိ သွင်းယူကာ ၂၂၂ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံက ရှော်ကေးလ်အသင်းနဲ့ စီနီယာကစားသမားဘဝကို စတင်ခဲ့တဲ့ အိုဇေးလ်ဟာ နောက်ပိုင်းမှာ ဝါဒါဘရီမင်အသင်းကို ပြောင်းရွှေ့ခဲ့ရာက ကမ္ဘာ့ဖလားအပြီး တလအကြာမှာပဲ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာခဲ့ပါတယ်။
စပိန်နိုင်ငံမှာ ၃ နှစ်တာ ကစားခဲ့ရာ လာလီဂါဆုဖလားနဲ့အတူ စပိန်စူပါဖလားကိုပါ အိုဇေးလ် တကြိမ်စီ ရယူပေးနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းအတွက် ၁၀၅ ပွဲ သူကစားပေးခဲ့ရာ ၁၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက် မြောက်လန်ဒန်အသင်းအတွက် ကစားပေးခဲ့တဲ့ ကာလတွေအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး ၃၃ ဂိုးနဲ့အတူ ဂိုးဖန်တီးမှု ၅၉ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် တူရကီကလပ် ဖီနာဘာချီအသင်းဆီ အိုဇေးလ် ပြောင်းရွှေ့ခဲ့ပေမဲ့ တနှစ်မပြည့်ခင်မှာပဲ သူရဲ့နောက်ဆုံးကလပ်ဖြစ်တဲ့ အစ္စတန်ဘူလ် ဘာဆတ်ခ်စီဟာမှာ ကစားသမားဘဝ အဆုံးသတ်ခဲ့ပါတယ်။