ကိုယ်ဝန်ဖျက်ချခွင့် အကာအကွယ်ပေးရေး အမေရိကန်သမ္မတ ဟောပြောစည်းရုံး

ကိုယ်ဝန်ဖျက်ချခွင့်အပေါ် အကာအကွယ်ပေးနိုင်ဖို့ တိုက်ပွဲဝင်ရမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မတ် ၂၂ ရက်နေ့က အမျိုးသမီးများသမိုင်းဆိုင်ရာလအတွက် အခမ်းအနားတစ်ခုမှာ စည်းရုံးပြောဆိုခဲ့ပါတယ်။
ဒီအခမ်အနားအတွင်း မျိုးဆက်ပြန့်ပွားရေးဆိုင်ရာ အခွင့်အရေးတွေအတွက် အကာအကွယ်ပေးဖို့ တိုက်ပွဲဝင်ရာမှာ ဦးဆောင်ခဲ့တဲ့ ဒုသမ္မတ ကမယ်လာဟားရစ်အပေါ် ကျေးဇူးတင်ကြောင်းလည်း သမ္မတဘိုင်ဒင်က လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်မှာ အမေရိကန် တရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချခွင့်အပေါ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာမခံချက်ပေးခဲ့တဲ့ သမိုင်းဝင် အလှည့်အပြောင်း ဖြစ်ရပ်အပြီးမှာ ဒီကိစ္စအတွက် အပေးအယူလုပ် ညှိနှိုင်းခဲ့ရပါသေးတယ်။
အမေရိကန်နိုင်ငံတဝန်း လိင်ပြောင်းထားသူတွေအပေါ် ပစ်မှတ်ထားတဲ့ အမုန်းပွားစရာ ဥပဒေတွေကို ဘိုင်ဒင်က ရှုတ်ချ ပြောဆိုခဲ့ပြီး LGBT တွေရဲ့ အခွင့်အရေးအပေါ် အကာအကွယ် ပေးနိုင်မယ့် တန်းတူညီမျှရေးဥပဒေကို လွှတ်တော်အနေနဲ့ အတည်ပြုပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အာကန်ဆက်စ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဆာရာ ဟက်ကဘီးဆန်းဒါးစ်က လိင်ပြောင်း လူမှုအသိုင်းအဝိုင်းအပေါ် ပစ်မှတ်ထားတဲ့ ဥပဒေတစ်ရပ်ကို မတ် ၂၁ ရက်မှာ လက်မှတ်ရေးထိုး ခဲ့ပြီး ဒီဥပဒေဟာ အများပြည်သူစာသင်ကျောင်းတွေမှာ လိင်ပြောင်းထားသူတွေအနေနဲ့ သူတို့ရဲ့ လိင်စိတ်ခံယူမှုနဲ့ ကိုက်ညီတဲ့ သန့်စင်ခန်း အသုံးပြုမှုကို တားမြစ် ပိတ်ပင်လိုက်တာပါ။
လိင်ပြောင်းလူငယ်တွေအပေါ် တိုက်ရိုက်ရည်ရွယ်တဲ့ အလားတူဥပဒေမျိုးကို အလာဘားမားနဲ့ အိုကလာဟိုးမား ပြည်နယ်တွေမှာလည်း ပြဋ္ဌာန်းထားပါတယ်။
အမေရိကန် နိုင်ငံအနှံ့အပြားက ရီပတ်ဘလီကန် ပါတီဝင် ဥပဒေပြုအမတ်တွေဟာ လိင်ပြောင်း လူငယ်တွေအတွက် ကျန်မာရေးစောင့်ရှောက်မှုတချို့အပေါ် ပိတ်ပင်တားမြစ်မယ့် လှုပ်ရှား မှုတစ်ရပ်ကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြပါတယ်။
တချို့ကိစ္စရပ်တွေမှာ မိဘဖြစ်သူနဲ့ ဆရာဝန်တွေက ကုသမှု ထောက်ပံ့ပေးခဲ့ရင် ကလေးသူငယ်ညှဉ်းပန်းမှုအဖြစ် တရားစွဲနိုင်ဖို့ ရီပတ်ဘလီကန်တွေဘက်က ကြိုးပမ်း ပေးနေပါတယ်။