အမေရိကန်တွင် ဘဏ်ပြိုလဲမှုပြဿနာကို ဘိုင်ဒင်အစိုးရ ကြားဝင်ဖြေရှင်း

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားအခြေစိုက် ငွေကြေးလည်ပတ်မှုနှုန်း ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ရှိတဲ့ Silicon Valley Bank ကို ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က ငွေအပ်နှံထားသူအားလုံး တပြိုင်တည်း လာရောက်ထုတ်ယူကြတဲ့အတွက် ဘဏ်ပြိုလဲမှု ဖြစ်ပွားခဲ့ပြီး သိပ်မကြာခင် မတ်လ ၁၂ ရက်နေ့မှာလည်း အလားတူဖြစ်ရပ်ကြောင့် နယူးယောက်အခြေစိုက် Signature Bank လည်း ပြိုလဲသွားပါတယ်။
အခုလိုဖြစ်ရပ်တွေကြောင့် အမေရိကန်အစိုးရက တခြားဘဏ်တွေဆီကိုပါ ဒီလို ဘဏ်စနစ်ပြိုလဲမှု မဖြစ်ပွားစေဖို့အတွက် တာဝန်ယူ ဖြေရှင်းပေးမယ်လို့ မတ် ၁၃ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။
၂၀၀၈ ခုနှစ်က အမေရိကန်မှာ Washington Mutual Bank ပြိုလဲတဲ့ကိစ္စအပြီး အခု ဘဏ်နှစ်ခု ပြိုလဲတာက ဒုတိယနဲ့ တတိယအကြီးဆုံး ဘဏ်ပြိုလဲမှုတွေလို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဘဏ်ပြိုလဲတဲ့ပြဿနာတွေကြောင့် မတ် ၁၂ ရက်နေ့မှာ Air Force One လေယာဉ်နဲ့ ဝါရှင်တန်ကို ရောက်လာကာ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတွေနဲ့ ချက်ချင်းအဖြေရှာတိုင်ပင်ခဲ့ပြီး မတ် ၁၃ ရက်မှာတော့ အာရှ စတော့ဈေးကွက် ကုန်သွယ်မှု လုပ်ငန်းတွေကိုပါ အမေရိကန် ရင်းနှီးမြှုပ်နှံမှုဈေးကွက် ရပ်တန့်မသွားစေဖို့အတွက် အစိုးရ တာဝန်ရှိသူတွေက ပြဿနာအပေါ် အဖြေရှာဖို့ အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီး ငွေအပ်နှံသူတွေ မစိုးရိမ်ဖို့နဲ့ အစိုးရက တာဝန်ယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါအစည်းအဝေးရဲ့ တွေ့ရှိချက်တွေအရ Silicon Valley Bank နဲ့ Signature Bank တွေကို မတ် ၁၃ ရက်ကစပြီး ဘဏ်အပ်ငွေတွေကို အချိန်မရွေး ထုတ်ယူနိုင်ပြီး ထုတ်ယူရာမှာ အပ်နှံငွေ ဒေါ်လာ ၂၅၀,၀၀၀ ကျော်ရှိသူတွေက အစိုးရက အာမခံပေးမှုနဲ့ အကန့်အသတ် ပိုင်းပြီး ပြန်ထုတ်ပေးမယ်လို့ အစိုးရက ဆိုပါတယ်။
အစိုးရဘဏ္ဍာရေးဌာနကလည်း အခုပြိုလဲတဲ့ ဘဏ်နှစ်ခုနဲ့ ပြိုလဲဖို့နီးစပ်နေတဲ့ ဘဏ်တွေကို ချေးငွေအနေနဲ့ ဒေါ်လာ ၂၅ ဘီလီယံပေးဖို့ စီစဥ်နေပြီး အခုလို ပြိုလဲတဲ့ဖြစ်ရပ်တွေ ထပ်မဖြစ်စေဖို့အတွက် ဘဏ်တွေကို ဝယ်ယူဖြေရှင်းပေးမယ့်သူတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။
နိုင်ငံတွင်း ဘဏ်လုပ်ငန်းရှင်တွေကတော့ အစိုးရကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေးတာက အကောင်းဆုံးဖြစ်ပြီး ထိခိုက်မှုနည်းပါးကာ အမြန်ဆုံး ပြန်လည်ငြိမ်သက်သွားမှာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေကို ပြောကြားထားပါတယ်။