close

ချားလ်စ်ဘုရင်နန်းတက်ပွဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မတက်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လာမယ့် မေလ ၆ ရက် ဘက်ကင်ဟမ်နန်းတော်မှာ ကျင်းပမယ့် ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ အိမ်ဖြူတော်ရဲ့ တာဝန်ရှိသူက တိုင်းမ်မဂ္ဂဇင်းကို ပြောပါတယ်။

သမ္မတ ဘိုင်ဒင်ရဲ့ အချိန်ဇယားကို စီစဉ်ပေးရသူက “သမ္မတကြီးရဲ့ မေလအတွက် အစီအစဉ်တွေက အခုထိ ရေးဆွဲနေတုန်းပါ။ ဒါပေမဲ့ နိုင်ငံတနိုင်ငံရဲ့ ဘုရင့်နန်းတက်ပွဲကို အခုလို တခြားနိုင်ငံရဲ့ သမ္မတက ‌တက်ရောက်တယ်ဆိုတာမျိုးက မသင့်တော်ဘူးလို့ ထင်ပါတယ်။ တရားဝင်ဖိတ်စာမျိုး မ‌ရောက်သေးပေမဲ့ ဖိတ်ခဲ့ရင်တောင် သမ္မတကြီးက မတက်ဖို့များတယ်” လို့ ပြောပါတယ်။

ဗြိတိသျှဘုရင်စနစ်က အိုင်ယာလန်ကို ကိုလိုနီပြုတာနဲ့ ပတ်သက်ပြီး ဘိုင်ဒင်မိသားစုက ဒေါသထွက်ပါတယ်။ သမ္မတ ဘိုင်ဒင်ကအိုင်းရစ်လူမျိုးဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရ မကျေမနပ်ဖြစ်တာ ကြာပါပြီလို့ တိုင်းမ်မဂ္ဂဇင်းက မှတ်ချက်ပြုပါတယ်။

မေလ ၆ ရက်မှာ ကျင်းပမယ့် နန်းတက်ပွဲကို ကမ္ဘာတဝန်းက နိုင်ငံသမ္မတတွေ၊ ဝန်ကြီးချုပ်တွေနဲ့ ဘုရင်၊ ဘုရင်မတွေကိုလည်း ဧပြီလထဲမှာ တရားဝင်ဖိတ်စာတွေနဲ့ ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။

ဝင်ဆာရဲတိုက်မှာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတကတော် ဒေါက်တာ ဂျေးလ်ဘိုင်ဒင်တို့ဟာ ဘုရင်မ အဲလိဇဘက် မသေဆုံးခင် တနှစ်ကျော်လောက်က တွေ့ဆုံခဲ့ကြပြီး ဘုရင်မကြီးရဲ့ ဈာပနကိုလည်း တခြားခေါင်းဆောင်တွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ပြီးနောက် စက်တင်ဘာလမှာ ချားလ်စ်ဘုရင်က နန်းတက်ခဲ့တာဖြစ်ပြီး မိခင်ထက် ပိုမိုကြီးကျယ်တဲ့ နန်းတက်ပွဲ ကျင်းပမယ်လို့ ဆိုပါတယ်။

Up