အမေရိကန်တွင် မိုးကြိုးမုန်တိုင်းကြောင့် ၂၅ ဦး သေဆုံး

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တလျှောက်မှာ မတ် ၂၄ ရက် နှောင်းပိုင်းက လေဆင်နှာမောင်းနဲ့ ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံးလူ ၂၅ ဦး သေဆုံးကာ ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက အတည်ပြု ပြောပါတယ်။
ဒီလေဆင်နှာမောင်း ဖြတ်သန်းသွားရာ မိုင် ၁၀၀ ကျော်ပတ်လည်မှာ အပျက်အစီးတွေသာ ကျန်ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒီလို မုန်တိုင်းတိုက်ခတ်ပြီးနောက် မစ္စစ္စပီပြည်နယ်အနောက်ပိုင်းက လူ ၂၀၀ လောက် နေထိုင်တဲ့ ဆေးလ်ဗားစီးတီး မြို့ငယ်လေးမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်ရစ်သူတွေ ကို အပျက်အစီးတွေအကြား ပိုက်စိပ်တိုက်ရှာဖွေခဲ့ပေမယ့် လူ ၄ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက တွစ်တာလူမှုကွန်ရက်မှာ ဆက်တိုက်ဖော်ပြ ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၄ ရက်ညမှာ လေဆင်နှာမောင်းနဲ့ပက်သက်ပြီး အမျိုးသားမိုးလေဝသဝန်ဆောင်မှုဌာနကို အနည်းဆုံး အကြောင်းကြားမှု ၂၄ ကြိမ်အထိ ရှိခဲ့ပြီး မတ် ၂၅ ရက် မနက်မှာလည်း မုန်တိုင်းခြေရာခံသူတွေနဲ့ အကဲခတ်လေ့လာသူတွေက သတင်းပေးပို့ခဲ့ပါတယ်။
သတင်းကွန်ရက်တွေက ထုတ်လွှင့်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာတော့ အဆောက်အအုံတခုလုံး အပျက်အစီးပုံအဖြစ်သာ ကျန်ရှိတော့သလို ကားတွေကလည်း ပြောင်းပြန်လှန်နေတဲ့အပြင် အမှောင်ထုထဲက အပျက်အစီးတွေကြားမှာ လူတွေ ကျော်တက်လာတာကိုလည်း တွေ့ရပါတယ်။