close

ရန်ကုန်တိုင်း မှော်ဘီမြို့အနီး ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့အနီးကို ဗဟိုပြုပြီး  ပြင်းအား ရစ်ချ်တာစကေး  ၃ ဒသမ ၇ ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု မတ်လ ၂၈ ရက် ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

အဲဒီငလျင်ဟာ ဒီနေ့ နေ့လယ်  ၁ နာရီ ၂၂ မိနစ် ၂၄ စက္ကန့်အချိန်က မြန်မာပြည်တွင်း  မှော်ဘီမြို့နဲ့ ၁၂ မိုင်ခန့်အကွာ အနက် ၁၅ ကီလိုမီတာကို  ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြေငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်း လသာ၊ အလုံ၊ ကမာရွတ်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊  စတဲ့မြို့နယ်တချို့က အထပ်မြင့်တိုက်တွေမှာနေတဲ့သူတွေနဲ့  ရွှေပြည်သာ၊  လှည်းကူး၊ တိုက်ကြီး  ပြည်သူတွေ  သိရှိခံစားခဲ့ရပါတယ်။

ရန်ကုန်မြို့ခံတဦးက “ကျမတို့က ၂ လွှာဆိုတော့ မသိမသာလေး ခံစားရတယ်။ အထပ်မြင့်နေတဲ့ မိတ်ဆွေတွေကတော့ ကြမ်းတယ်လို့ ပြောကြတယ်”လို့ ပြောပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိတဲ့ သတင်းတွေကိုတော့ မကြားသိရပါဘူး။

Up