ဂင်းနစ်ကမ္ဘာ့စံချိန်တင် သုံးမြွှာပူးကလေးများ

သုံးမြွှာပူးကလေးငယ်တွေဖြစ်ကြတဲ့ ရူဘီရို့စ်၊ ပေတန်ဂျိန်းနဲ့ ပေါ်ချာမေဟော့ပ်ကင်းစ်တို့ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ကိုယ်ဝန် ၂၂ ပတ်နဲ့ ၅ ရက်အတွင်း မွေးဖွားခဲ့ပြီး စုစုပေါင်းကိုယ်အလေးချိန် ၁,၂၈၄ ဂရမ် (၂ ပေါင် ၁၃ အောင်စ)နဲ့ လမစေ့ဘဲ မွေးဖွားတာနဲ့ ကိုယ့်အလေးချိန် အနည်းဆုံးကလေးတွေအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်နှစ်ခု တင်ခဲ့ပါတယ်။
ရူဘီရို့စ်ဟာ မနက် ၁၀ နာရီ ၂၁ မိနစ်မှာ ၄၆၇ ဂရမ် (၁ ပေါင်)၊ ပေတန်ဂျိန်း က မွန်းလွဲ ၁၂ နာရီ ၁ မိနစ်မှာ ၄၀၂ ဂရမ်(၀ ဒသမ ၈၉ ပေါင်) နဲ့ ပေါ်ချာမေ ကတော့ မွန်းလွဲ ၁၂ နာရီ ၂ မိနစ်မှာ ၄၁၅ ဂရမ်(၀ ဒသမ ၉ ပေါင်) တို့နဲ့ အသီးသီးမွေးဖွားခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူ မခေလာဝှိုက်က ကလေးတွေမွေးဖွားပြီး ၂ နှစ်ဟာ သူနဲ့ သူ့လက်တွဲဖော် အသက် ၃၆ နှစ်အရွယ် ဂျေဆင်ဟော့ပ်ကင်းစ် တို့အတွက် စိတ်ဖိစီးမှုဖြစ်ခဲ့ကြောင်း ပြောပါတယ်။
“ကလေးသုံးယောက် ဒီမှာရှိနေတာ ပထမ ၂ နှစ်မှာ အရမ်းစိတ်ဖိစီးခဲ့ရတယ်” လို့ ဂင်းနစ် ကမ္ဘာ့စံချိန်တင်ထားတဲ့ ဗီဒီယိုတခုမှာ မစ္စဝှိုက်က ပြောခဲ့ပြီး မစ္စတာ ဟော့ပ်ကင်းစ်ကတော့ “သုံးမြွှာပူးဆိုတာ သိလိုက်ရတဲ့တလျှောက်လုံး ငါတွေးနေတာ ဒီကိုယ်ဝန်က မွေးတာ အမြန်ဆုံးပဲ။ ရူးချင်စရာကောင်းတယ်” လို့ ဆိုပါတယ်။
“မွေးတဲ့နေ့က အရမ်းစိတ်ထိခိုက်ခဲ့ရတယ်။ မွေးတုန်းက ကလေးတွေကို မတွေ့လိုက်ရဘူး။ လမစေ့ဘဲမွေးတဲ့ ကလေးတွေကို ထည့်သွင်းမွေးမြူတဲ့ ကိရိယာထဲကို မိခင်ဝမ်းဗိုက်လို လုပ်ဆောင်နိုင်ဖို့နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းနိုင်ဖို့ ရွှေ့ပြောင်းခဲ့ရပြီး Polythene နဲ့ ထုပ်ထားခဲ့ရတယ်” လို့ မစ္စဝှိုက်က ပြောပါတယ်။
ကလေးတဦးစီကို မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) ကို ခေါ်ဆောင်သွားခဲ့ပြီး အဲ့ဒီမှာ ၂၁၆ ရက်ကြာ နေခဲ့ရပါတယ်။
Source/photo - Sky News