close

မြောက်ကိုရီးယားက ဟွာဆန်း-၃၁ နျူးကလီးယားထိပ်ဖူးများ ပြသ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နျူးကလီးယားလက်နက်ဌာနကို သွားရောက်လည်ပတ်ချိန်အတွင်း ဟွာဆန်း-၃၁ လို့ နာမည်ပေးထားတဲ့ နျူးကလီးယား ထိပ်ဖူးရုပ်ပုံတွေကို မြောက်ကိုရီးယား အစိုးရပိုင် ရုပ်သံလိုင်း KRT က မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကင်မ်ဂျုံအန်းဟာ မတ်လ ၂၇ ရက်က နည်းဗျူဟာမြောက် နျူးကလီးယား လက်နက်သစ်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေပေါ်မှာ ထိပ်ဖူးတပ်ဆင်တဲ့ နည်းပညာတွေအပြင် နျူးကလီးယား တန်ပြန်တိုက်ခိုက်ရေး အစီအစဉ်တွေကိုလည်း စစ်ဆေးခဲ့ပါတယ်။

ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ နျူကလီးယား လက်နက်တိုက်ကိုလည်း အရှိန်အဟုန်နဲ့ မြှင့်တင်ဖို့နဲ့ အစွမ်းထက်လက်နက်တွေကို ထုတ်လုပ်ဖို့အတွက် လက်နက်အဆင့်ရှိ ပစ္စည်းတွေကို အမြော်အမြင်ရှိရှိ ထုတ်လုပ်ဖို့ အမိန့်ပေးခဲ့ကြောင်းလည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

မြောက်ကိုရီးယားစစ်တပ်ဟာ တနင်္လာနေ့က နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် ၂ စင်းနဲ့ နျူးကလီးယား ဗုံးကြဲတိုက်ခိုက်မှုကို သရုပ်ဖော် လေ့ကျင့်ခဲ့ပြီး မတ်လ ၂၅ ရက်မှ ၂၇ ရက်အထိ ရေအောက် ဗျူဟာမြောက် လက်နက်စနစ်တွေကို ထပ်မံစမ်းသပ်ခဲ့ကြောင်းလည်း နိုင်ငံပိုင်မီဒီယာ KCNA က သီးခြားထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားဟာ တင်းမာမှုတွေကို တိုးမြှင့်လုပ်ဆောင်နေကာ တနင်္လာနေ့က တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ခတ်ခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို ကျူးကျော်စစ်အတွက် အစမ်းလေ့ကျင့်နေတယ်လို့ စွပ်စွဲထားပြီး ပြီးခဲ့တဲ့သီတင်းပတ်က နျူးကလီးယား တန်ပြန်တိုက်ခိုက်ရေးကို တုပလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Up