ဂျပန်ပင်လယ်အတွင်းသို့ ရုရှားက ခရုဇ်ဒုံးကျည်များ ပစ်ခတ်

ရုရှားရေတပ်ဟာ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးကျည်တွေကို ဂျပန်ပင်လယ်အတွင်းရှိ စမ်းသပ်လေ့ကျင့်တဲ့ ပစ်မှတ်တခုကို ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ဂျပန်ပင်လယ်ရေပြင်မှာ ပစိဖိတ်ရေတပ်ရဲ့ ဒုံးကျည်သင်္ဘောတွေဟာ ရန်သူ့ပင်လယ် ပစ်မှတ်ကို Moskit ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်ခဲ့ကြောင်းနဲ့ ကီလိုမီတာ ၁၀၀ အကွာအဝေးမှာ ရှိတဲ့ ပစ်မှတ်ကို Moskit ခရုဇ်ဒုံးကျည်နှစ်စင်း အောင်အောင်မြင်မြင်နဲ့ တိုက်ရိုက် ထိမှန်ခဲ့ကြောင်း” ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သူ့ရဲ့ တယ်လီဂရမ်အကောင့်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
P-270 Moskit ဒုံးကျည်ဟာ ဆိုဗီယက်မြစ်ဖျားခံ အသံထက်မြန်တဲ့ တာလတ်ပစ် ခရုဇ်ဒုံးကျည် ဖြစ်ပြီး ကီလိုမီတာ ၁၂၀ အကွာအဝေးအတွင်းရှိ သင်္ဘောတစီးကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက တိုကျိုဟာ မော်စကိုရဲ့ စစ်ရေးအရ စစ်ဆင်ရေးတွေကို သတိထားနေပြီး ဒုံးကျည်ပစ်လွှတ်မှုအပြီးမှာ ထိခိုက်ပျက်စီးမှု မရှိကြောင်းလည်း ပြောပါတယ်။
“ရုရှားက ယူကရိန်းကို ကျူးကျော်စစ်တွေ ဆက်ဖြစ်နေတာနဲ့အမျှ ဂျပန်ရဲ့ အနီးတဝိုက် အပါအဝင် အရှေ့ဖျားမှာ ရုရှားတပ်ဖွဲ့တွေလည်း ပိုလှုပ်ရှားလာတယ်”လို့ ဟာယာရှီက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နျူးကလီးယားလက်နက်တွေကို သယ်ဆောင်နိုင်တဲ့ ရုရှား မဟာဗျူဟာဗုံးကြဲလေယာဉ် ၂ စင်းဟာ “စီစဉ်ထားတဲ့ ပျံသန်းမှု”လို့ မော်စကိုက ပြောထားတဲ့ ဂျပန်ပင်လယ်ပြင်ပေါ်မှာ ၇ နာရီကျော်ကြာ ပျံသန်းခဲ့ပြီးနောက် တပတ်အတွင်းမှာ ဒုံးကျည်ပစ်ခတ်မှုကို ထပ်လုပ်ဆောင်လာတာပါ။
ဘီလာရုစ်မှာ ရုရှားရဲ့ နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်တွေ ထားရှိမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဟာယာရှီက အဲဒီလုပ်ရပ်ကို ဂျပန်နိုင်ငံက ရှုတ်ချကြောင်းနဲ့ ရုရှားနဲ့ ဘီလာရုစ်တို့ကလည်း တင်းမာမှုတွေကို ပိုတိုးလာစေမယ့် အဲဒီလုပ်ရပ်ကို ရပ်တန့်ဖို့ တောင်းဆိုကြောင်း ပြောကြားခဲ့ပါတယ်။