close

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီစနစ်ဆီ ပြန်သွားရန် ကုလသမဂ္ဂ တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို အာဏာသိမ်းစစ်ကောင်စီက ဖျက်သိမ်းလိုက်တဲ့ အပေါ် စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀  ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က  တုံ့ပြန်လိုက်တာဖြစ်ပြီး ဒါဟာ ကျနော်တို့ မသွားစေချင်တဲ့ဘက်ကို ဦးတည်သွားနေတဲ့  နောက်ထပ်ခြေလှမ်းဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆီ ပြန်သွားတာ ကျနော်တို့ မြင်တွေ့ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဖမ်းဆီးခံနေရသူတွေ လွတ်မြောက်တာကို ကျနော်တို့ မြင်ချင်ပါတယ်။ ပြီးတော့ ဒီအရေးကိစ္စတွေအတွက် ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားပါမယ်။” 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀  ကို မှတ်ပုံပြန်မတင်တဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ မတ်လ ၂၉ ရက်က စတင် ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်ညမှာ ထုတ်ပြန်ကြေညာခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုရော၊ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကိုပါ အသိအမှတ်မပြု တရားမဝင်ဘူးဆိုပြီး  ပါတီကိုပြန်ပြီး မှတ်ပုံတင်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

မှတ်ပုံတင်ပြန်လျှောက်ထားကြတဲ့ နိုင်ငံရေးပါတီပေါင်း  ၆၃ ပါတီရှိတယ်လို့  စစ်ကောင်စီ ကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး ဒီအထဲမှာ တနိုင်ငံလုံးစည်းရုံးလှုပ်ရှားမှုပါတီ ၁၃ ပါတီနဲ့  ပြည်နယ်နဲ့တိုင်းတွေမှာပဲ စည်းရုံးလှုပ်ရှားမယ့်ပါတီ ပေါင်း ၅၀ ရှိပါတယ်။

မှတ်ပုံပြန်တင်တဲ့ပါတီတွေထဲမှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အနိုင်ရထားတာ ၁၁ ပါတီပါဝင်ပြီး လွှတ်တော်နေရာအရေအတွက်က ၁၂၆ နေရာရှိတယ်။

ဖျက်သိမ်းခံရတဲ့ ပါတီ ၄၀ ထဲမှာတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ပါတီ  ၈ ပါတီပါဝင်ပြီး ဒီပါတီတွေရထားတဲ့ လွှတ်တော် နေရာအရေအတွက်က ၉၈၇ နေရာအထိရှိတယ်။

Up