ရုရှားရောက် အမေရိကန်နိုင်ငံသားများ ချက်ချင်းထွက်ခွာရန် အမေရိကန်အစိုးရ တိုက်တွန်း

သူလျှိုလို့စွပ်စွဲခံရတဲ့ အမေရိကန်သတင်းထောက်တဦး ဖမ်းဆီးခံရပြီးနောက် ရုရှားနိုင်ငံကို ခရီးထွက်နေသူတွေနဲ့ နေထိုင်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေ ရုရှားကနေ ချက်ချင်းထွက်ခွာကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက မတ်လ ၃၀ ရက်က တိုက်တွန်းထားပါတယ်။
“သတင်းသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံတွေကို ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ခြင်းနဲ့ အပြစ်ပေးခြင်းတွေကို ကရင်မလင်ရဲ့ ဆက်လုပ်ဆောင်ကြိုးပမ်းမှုတွေကို အမေရိကန်က အပြင်းထန်ဆုံး အသုံးအနှုန်းတွေနဲ့ ရှုတ်ချလိုက်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပက်တယ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မော်စကိုတရားရုံးကတော့ အမေရိကန်နိုင်ငံသား Wall Street Journal သတင်းထောက် အီဗန်ဂတ်ရှ်ကိုဗစ်ကို သူလျှိုလုပ်မှုသံသယနဲ့ နှစ်လနီးပါး ထိန်းသိမ်းသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့က ဒီကိစ္စကို အလွန်စိုးရိမ်မိကြောင်းနဲ့ တာဝန်ရှိသူတွေဟာ ဂတ်ရှ်ကိုဗစ်ရဲ့ အလုပ်ဌာနနဲ့ မိသားစုကို အဆက်အသွယ် လုပ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဂျာနယ်လစ်အဖွဲ့တွေက ဂတ်ရှ်ကိုဗစ် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
ယူကရိန်းကျူးကျော်စစ်ကြောင့် မော်စကိုနဲ့ ဝါရှင်တန်ကြား ဆိုးရွားတဲ့ဆက်ဆံရေးဟာ အခုကိစ္စကြောင့် ပိုဆိုးရွားလာမှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။
အခုကိစ္စဟာ ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံမှာ နိုင်ငံခြားသတင်းထောက်တဦးကို သူလျှိုလုပ်မှုအတွက် ပထမဆုံးသော ရာဇဝတ်မှုလို့ ယူဆရပြီး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုလည်း ဖြစ်ပါတယ်။