close

ပါတီသစ်ကနေ ဝန်ကြီးချုပ်ဆက်ဖြစ်ရေး ကြိုးပမ်းမည်ဟု ပရာယွတ်ပြော

ထိုင်းနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်အဖြစ် နှစ်ရှည်လများ တာဝန်ထမ်းဆောင်နေတဲ့ ပရာယွတ် ချန်အိုချာဟာ လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီသစ်အောက်ကနေ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေဖို့ ကြိုးပမ်းမယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၉ ရက်မနေ့က  ညီညွတ်သောထိုင်းနိုင်ငံလို့ အဓိပ္ပာယ်ရတဲ့ United Thai Nation ပါတီသစ်ဖွင့်ပွဲကိုတက်ရောက်လာရာမှာ ဝန်ကြီးချုပ်ပရာယွတ်က “ဒီနေ့ ဒီကိုလာရတဲ့ အကြောင်းအရင်းက ထိုင်းဒီမိုကရေစီကို လေးစားလို့ပါပဲ။ ဒီနေ့ ဒီကိုလာရတာ အာဏာလိုချင်လို့မဟုတ်ဘဲ ထိုင်းက ရှေ့ဆက်သွားရမှာမို့ မဟုတ်လား” လို့ ထောက်ခံသူ အယောက် ၁၀,၀၀၀ လောက်ကို ပြောခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီးကတည်းက အာဏာရလာခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် အငြိမ်းစားဗိုလ်ချုပ်ကြီးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက နောက်ထပ် ၂ နှစ်သာ ကန့်သတ်ထားပေမဲ့ သူ့အနေနဲ့ ကြာရှည်ဆက်ရှိနေဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့လ အစောပိုင်းက ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာမယ့်သူအဖြစ် ထိုင်းပြည်သူတွေအကြားလူကြိုက်များမှုဆိုင်ရာ သဘောထားစစ်တမ်းမှာတော့ ပရာယွတ်ဟာ  သူရာထူးကနေဖြုတ်ချတာခံထားရတဲ့ အသက် ၃၆ နှစ်အရွယ် ယင်လပ်ရှင်နာဝပ်ရဲ့ နောက်ကနေ ဒုတိယနေရာမှာ လိုက်နေဆဲပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခုနှစ် မေလမှာ ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်ပြီး ပရာယွတ်က လွှတ်တော်ကို မဖျက်သိမ်းရသေးပါဘူး။

ထိုင်းနိုင်ငံရဲ့ ကွန်ဆာဗေးတစ် အခြေခိုင်တဲ့ အထင်ကရပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့  United Thai Nation  ပါတီသစ်ကတော့ သူ့ရဲ့ ဝန်ကြီးချုပ်လောင်း ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ တရားဝင် မကြေညာသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up