close

အိန္ဒိယကိုလာမည့် မြန်မာများ ယူဆောင်လာမည့် ဒေါ်လာငွေပမာဏကို တရားဝင်ကြေညာရန် လိုအပ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

အိန္ဒိယနိုင်ငံထဲကို အကြောင်းအမျိုးမျိုးနဲ့ လာရောက်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ ယူဆောင်လာမယ့် ဒေါ်လာငွေပမာဏ ၅၀၀၀ နဲ့ အထက်ဆိုရင် တရားဝင်ကြေညာ (Declaration) လုပ်ပြီးမှကိုင်ဆောင်ကြဖို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဧပြီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ ဥပဒေအရ ခရီးသွားတွေအနေနဲ့ နိုင်ငံအတွင်းကို ဝင်ရောက်ရာမှာ တားမြစ်ပစ္စည်းတွေနဲ့ အကောက်ခွန်ပစ္စည်းတွေကို သတ်မှတ်အခွန်ကင်းလွတ်ခွင့်ထက် ကျော်လွန်တဲ့ ပစ္စည်းတွေနဲ့အတူ အမေရိကန်ဒေါ်လာငွေ ၅,၀၀၀ သို့မဟုတ် အမေရိကန် ဒေါ်လာ ၅,၀၀၀ နဲ့ညီမျှတဲ့ နိုင်ငံခြားငွေထက် ကျော်လွန်ပါက လေဆိပ်က အကောက်ခွန်ရုံးမှာ တရားဝင်ကြေညာချက် မဖြစ်မနေ ပြုလုပ်ရမှာဖြစ်တယ်လို့ မြန်မာသံရုံးက ဖော်ပြထားတာပါ။

လက်ရှိမှာတော့ ဗုဒ္ဓဂယာကို ဘုရားဖူးလာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြည်လည်ထွက်ခွာရာမှာ လေဆိပ်လဝကမှာ တရားဝင်ကြေညာထားခြင်း မရှိတဲ့ အမေရိကန်ဒေါ်လာတွေ လက်ဝယ်တွေ့ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းတာနဲ့ ငွေတွေကို သိမ်းဆည်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မြန်မာခရီးသွားတွေနဲ့ တခြား ဆေးကုသဖို့ လာရောက်သူတွေအနေနဲ့ အိန္ဒိယနိုင်ငံ လေဆိပ်ကို ဝင်ရောက်ချိန်မှာ မိမိယူဆောင်လာတဲ့ ဒေါ်လာပမာဏကို တရားဝင် ကြေညာပြီးမှသာ ကိုင်ဆောင်သုံးစွဲကြဖို့လည်း အသိပေးထားပါတယ်။

Up