အင်းတော်တွင် CDM ဆရာမအပါအဝင် အမျိုးသမီး ၃ ဦးကို ထောင်ဒဏ် တသက်တကျွန်း အမိန့်ချ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့မှ CDM ဆရာမအပါအဝင် အမျိုးသမီး ၃ ဦးကို ဧပြီ ၃ ရက်က အင်းတော် စစ်ခုံရုံးက ရာဇသတ်ကြီး ပုဒ်မ-၅၀ (ည)၊၅၂-(က) အမှုတွေနဲ့ စွပ်စွဲ အမှုဖွင့်အရေးယူကာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တယ်လို့ နီးစပ်တဲ့ဒေသခံတွေထံက သိရပါတယ်။
အသက် ၄၀ ကျော်အရွယ် CDM ဆရာမ ဒေါ်သိန်းလှ၊ အရောင်းအဝယ်လုပ်ငန်းလုပ်တဲ့ဈေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်းနဲ့ ဒေါ်အေးအေးတို့ကို အင်းတော်စစ်ခုံရုံးကနေ ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်တာလို့ Indaw Revolution-IR အဖွဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ အမျိုးသမီး ၃ ဦးကို မတ်လ ၅ ရက်နေ့က PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲကာ စစ်တပ်က နေအိမ်ထဲဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကသာထောင်မှာ အကျဉ်းချထားပါတယ်။
အင်းတော်ဒေသမှာ စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်းအမိန့်ချမှတ်ခံရသူ ဖေဖော်ဝါရီ ၂၇ ရက်က အမျိုးသား ၁ ဦး၊ ဧပြီ ၁ ရက်နေ့က အမျိုးသား ၁ ဦးနဲ့ ဧပြီ ၃ ရက်က အမျိုးသမီး ၃ ဦး အားလုံးပေါင်း ၅ ဦးထိရှိလာပြီဖြစ်တယ်လို့ IR အဖွဲ့ထုတ်ပြန်ချက်အရသိရပါတယ်။