close

ကမ္ဘာနှင့်ထိတွေ့ဆက်ဆံမှု မရပ်ဟု ထိုင်ဝမ်သမ္မတပြော

ထိုင်ဝမ်ဟာ ကမ္ဘာနဲ့ထိတွေ့ဆက်ဆံခြင်းမှ ရပ်တန့်မှာမဟုတ်ကြောင်း နဲ့ ဖိအားတွေကိုလည်း လက်လျှော့မှာ မဟုတ်ကြောင်း  ဗဟိုအမေရိက ခရီးစဉ်နဲ့ အမေရိကန် တထောက်နား ခရီးစဉ်တို့ကနေ ပြန်ရောက်ရှိလာတဲ့ ထိုင်ဝမ်သမ္မတ ဆိုင်ယင်းဝမ်က ဧပြီ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

လေယာဉ်ပေါ်မှ ဆင်းလာပြီးနောက်မှာ သမ္မတ ဆိုင်က သူ့ကို နိုင်ငံရပ်ခြားမှာ စိတ်အား ထက်သန်စွာ ကြိုဆိုကြမှုဟာ အင်အားကောင်းတဲ့ သတင်းစကားတရပ်ပဲလို့ ပြောပါတယ်။

“ထိုင်ဝမ်ဟာ ဖိအားတွေနဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတယ်ဆိုတာကို နိုင်ငံတကာ အသိုက်အဝန်းကို ပြသခဲ့ကြောင်းနဲ့ ထိုင်ဝမ်ဟာ ပိုစည်းလုံးလာမှာဖြစ်ပြီး ဖိနှိပ်မှုကို လုံးဝလက်မခံနိုင်တဲ့အပြင် အဟန့်အတားတွေကြောင့်လည်း ကမ္ဘာ့နိုင်ငံတွေနဲ့ဖလှယ်မှုတွေကို ရပ်တန့်သွားမှာမဟုတ်ကြောင်း” သမ္မတ ဆိုင်ဟာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကို ခရီးထွက်ရာကနေ ပြန်လည် ရောက်ရှိလာချိန်မှာ ပြောလိုက်တာပါ။ 

သမ္မတ ဆိုင် လေယာဉ်ဆင်းသက်ပြီး မကြာခင်မှာပဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံးဟာ ထိုင်ဝမ်သမ္မတ ဆိုင်ယင်းဝမ် ရဲ့ အမေရိကန်ခရီးစဉ်ကို ဆန့်ကျင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး လက်တွေ့မှာလည်း လုပ်ထုံးလုပ်နည်းအရ တထောက်နားခရီးစဉ်လို့ သုံးနှုန်းထားပေမယ့် အရေးအကြီးဆုံး အစည်းအဝေးတွေကို အဲဒီမှာ ကျင်းပခဲ့တယ်လို့ ဆိုထားပါတယ်။ 

ဒါပေမယ့်လည်း လက်တုံ့ပြန်မယ့် အဆင့်တွေကိုတော့ အတိအကျ မကြေညာခဲ့ပါဘူး။

တရုတ်အစိုးရဟာ အစည်းအဝေးမလုပ်ဖို့ တားမြစ်ထားတဲ့ မက်ကာသီနဲ့ တွေ့ဆုံမှုကို ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး သူ့မကျေမနပ်ဖြစ်မှုကို ပြသတဲ့အနေနဲ့ စစ်ရေးတင်းမာမှုတွေကို ခုထိ အရှိန်မြှင့်လာခဲ့ပါတယ်။ 

ထိုင်ဝမ်ဟာ သူ့ရဲ့အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်မှာ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုကို သတင်းပို့ခဲ့ပေမယ့် တခြားပုံမှန်မဟုတ်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အစီရင်ခံခြင်း မရှိပါဘူး။

တရုတ်ဟာ ပြီးခဲ့တဲ့သြဂုတ်လက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီရဲ့ ထိုင်ပေ ခရီးစဉ် ပြီးပြီးချင်းမှာပဲ ထိုင်ဝမ်အနီးတဝိုက်မှာ စစ်ရေးလှုပ်ရှားမှု ပြုခဲ့ပါတယ်။  

Up