close

ထိုင်ဝမ်သမ္မတ ဂွါတီမာလာသို့ ၃ ရက်ကြာ ခရီးသွားရောက်

ထိုင်ဝမ်ရဲ့ မဟာမိတ်နိုင်ငံ နည်းနည်းထဲက တနိုင်ငံဖြစ်တဲ့ ဂွါတီမာလာနိုင်ငံကို ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ၃ ရက်ကြာ သွားရောက်ခဲ့ပြီး ဧပြီ ၂ ရက်မှာ ခရီးစဉ် ပြီးစီးခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း ဆိုင်အနေနဲ့ ဂွါတီမာလာသမ္မတ အလီဟန်ဒရို ဂျီယမ်မန်တီ အစိုးရကို ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ 

ဟွန်းဒူးရက်စ်နိုင်ငံက တရုတ်ပြည်မကြီးအစိုးရအပေါ် ထောက်ခံတဲ့အနေနဲ့ တိုင်ပေနဲ့ သံတမန်ရေး အရ အဆက်အသွယ် ဖြတ်တောက်အပြီး တစ်ပတ်အကြာမှာပဲ ဆိုင်ရဲ့ ဒီခရီးစဉ် ထွက်ပေါ်လာ ခဲ့တာပါ။

၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်တွင်းစစ် ပြီးဆုံးခဲ့ချိန်ကစလို တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်ဟာ လက်တင် အမေရိကနိုင်ငံတွေ အပေါ် လွှမ်းမိုးနိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ပိုင်နက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ တရုတ်ပြည်မကြီး အစိုးရဘက်က ယူဆထားပေမယ့်လည်း ထိုင်ဝမ် အစိုးရဘက်ကတော့ အပြင်းအထန် ငြင်းဆိုထားပါတယ်။

ဒီ နှစ်နိုင်ငံစလုံးနဲ့ သံတမန်ဆက်ဆံရေး တပြိုင်နက်ထားရှိတာမျိုးအပေါ် တရုတ်ဘက်က တခြားနိုင်ငံတွေကို ခွင့်ပြုဖို့ ငြင်းဆန်ထားပါတယ်။ 

ဆိုင်ရဲ့ ဂွါတီမာလာ ခရီးစဉ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၄ သန်းတန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ လည်း ကတိပြုခဲ့ပါတယ်။ 

ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေးရှိတဲ့ နိုင်ငံ ၁၃ နိုင်ငံထဲက တစ်ခုဖြစ်တဲ့ ဂွါတီမာလာကို ရောက်မလာခင် ဆိုင်က နယူးယောက်မြို့မှာ အငြင်းပွားဖွယ်ရာ ခရီးတစ်ထောက်နားခဲ့တာကြောင့် တရုတ်နိုင်ငံအတွက် ဒေါသထွက်စရာ ဖြစ် ခဲ့ပါတယ်။ 

တရုတ်ဘက်က ဆိုင်ကို အမေရိကန်တာဝန်ရှိသူတွေနဲ့ မတွေ့ဆုံဖို့ အကြိမ်ကြိမ် သတိပေးထား ခဲ့တာပါ။ 

မကြာသေးမီ နှစ်တွေအတွင်း လက်တင်အမေရိကနိုင်ငံတွေမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု မြင့်တက်လာခဲ့ပြီး နီကာရာဂွါ၊ အယ်လဆာဗေးဒိုး၊ ပနားမားနဲ့ ကော်စတာရီကာနိုင်ငံတို့ကလည်း တရုတ်ပြည်မကြီးအစိုးရ အလိုကျ ထိုင်ဝမ်အစိုးရကို စွန့်ပယ်ခဲ့ပါတယ်။ 

ဂွါတီမာလာ သမ္မတဘက်ကတော့ ဒီဗဟိုအမေရိကနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ဆိုင်အပေါ်မှာ ကျေးဇူးတင်ကြောင်း ပြသခဲ့ပါတယ်။

Up