close

ကျဆုံးပဇီကြီးဒေသခံများအတွက် NUG နဂါးနီစစ်ကြောင်းက အလံတဝက်ချအလေးပြု

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ဒေသခံတွေအတွက် ဝမ်းနည်းကြောင်း နဲ့ အတူတူရှိနေကြောင်း ပြသတဲ့အနေနဲ့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊  တောင်ပိုင်းတိုင်းစစ်ဒေသ၊ နဂါးနီစစ်ကြောင်းက အလံ တဝက်ချ အလေးပြုပြီးတော့ တမိနစ် ငြိမ်သက်ဆုတောင်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ဒီကနေ့ညနေအထိ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေ၊ ကိုယ်ဝန် ဆောင် မိခင်တွေအပါအဝင် ကျဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ ၁၃၃  ယောက် ရှိခဲ့ပြီလို့ သိရပါတယ်။

ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က မနေ့က မနက်ပိုင်း ၈ နာရီလောက်မှာ  လေ ကြောင်းကနေ တိုက်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေနဲ့ အကြမ်းဖက်ပစ်ခတ်တိုက် ခိုက်ခဲ့ရာမှာ သေဆုံးဒဏ်ရာရှိသူတွေရဲ့ မိသားစုဝင်တွေလည်း စိတ်ဝေဒနာ ခံစားနေရသူတွေလည်း  အများအပြားရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ပဇီကြီးရွာအပါအဝင် အနီးအနားက  သာယာရွာ၊ လေးတွင်စဉ်ရွာ၊ မယ်‌ဇေတောရွာ၊ မလယ်ရွာ၊‌ ချောင်းမကြီးနဲ့ ခင်ဦး မြို့နယ် ဘက်ခြမ်းက ကျေးရွာက ဒေသခံတွေပါ ရွာထဲမှာ မနေရဲကြဘဲ ထွက်ပြေးနေကြတယ်လို့လည်း သိရပါတယ်။

ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံဖို့နဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့  တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်ကလည်း မြန်မာစစ်တပ်က အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာဟာ ကမ္ဘာ ကြီးရဲ့ မျက်ကွယ်ပြုမှု ကြောင့်နဲ့ စစ်တပ်ကို လက်နက်ထောက့်ပံ့နေသူတွေကြောင့်ဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကလေးတွေ ဘယ်လောက်များများ သေကျေမှ ဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ လုပ်ဆောင်နိုင်မလဲလို့ မေးခွန်းထုတ် လိုက်ပါတယ်။

Up