close

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု ဂျပန်အစိုးရ အပြင်းအထန်ရှုတ်ချ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားကလေးတွေအပါအဝင် အရပ်သားပြည်သူတွေ  ၁၀၀ ကျော် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် မစ္စတာ မာဆုနိုဟီရိုခဇုက ဧပြီ ၁၂ ရက် ဒီကနေ့ တိုကျိုမြို့မှာ ပုံမှန်ကျင်းပတဲ့ သင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့လည်း  တောင်းဆိုပါတယ်။

အတွင်းဝန်ချုပ် မာဆုနိုက "လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အာဏာသိမ်းပြီးကတည်းက ဂျပန်အစိုးရအနေနဲ့က မြန်မာစစ်တပ်ကို အကြမ်းဖက်မှုတွေရပ်ဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေ အပါအဝင် အရပ်သားအများအပြား သေဆုံးပြီး ဒဏ်ရာရရှိစေတာတွေကို ဆက်လုပ်နေပါတယ်။ အဲဒီအတွက် ကျနော် တို့အနေနဲ့ တကယ့်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”လို့ ပြောပါတယ်။

ဒီပြဿနာကို ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခုဆီ အလေးအနက်ထား လုပ်ဆောင်ဖို့ ထပ်ပြီး တိုက်တွန်းချင်ပါတယ်လို့လည်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ကို ဂျပန်အစိုးရအနေနဲ့ ပြင်းထန်စွာအရေးယူမှုတွေပြုလုပ်ဖို့  ဧပြီ ၁၄ ရက်နေ့ ဂျပန်လွှတ်တော်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်ရုံးအဖွဲ့နဲ့ မြန်မာ့ဒီမိုကရေစီအရေး အားပေးကူညီတဲ့ ဂျပန်အမတ်တွေ ပူးပေါင်းပြီး ကြားနာတိုက်တွန်းသွားဖို့ ရှိနေပါတယ်။

ဇော်ဇော်လှိုင်

Up