VAR ကင်မရာ ၄ လုံးထပ်တပ်ဆင်ပေးရန် ပရီးမီးယားလိဂ် ဒိုင်လူကြီးများ ဆန္ဒရှိ

လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကနေစတင်ပြီး VAR ကင်မရာလေးလုံးထပ်ပြီးတပ်ဆင်ပေးဖို့ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေက ဆန္ဒရှိနေပါတယ်။
အခုနှစ်ဘောလုံးရာသီအတွင်းမှာ VAR ကင်မရာကနေ ရှုထောင့်ပေါင်းစုံကနေ ပြန်လည်စစ်ဆေးနိုင်ခြင်းမရှိခဲ့လို့ မှားယွင်းဆုံးဖြတ်ခဲ့မိတဲ့ဖြစ်ရပ်တွေများလားပြီး VAR ဆုံးဖြတ်ချက်တွေအပေါ် ဝေဖန်မှုတွေများခဲ့တာပါ။
အာဆင်နယ်ဘက်ကိုသွင်းခဲ့တဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူးတိုနေးရဲ့ ချေပဂိုးမှာ အသင်းဖော်နော်ဂတ်က လူကျွံနေပေမဲ့ ရူထောင့်ပေါင်းစုံကနေ စစ်ဆေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် ဂိုးအဖြစ် သတ်မှတ်ခဲ့တာပါ။
ဒါကြောင့် လာမယ့်ရာသီကစတင်ပြီး VAR ကင်မရာလေးလုံး ထပ်မံတပ်ဆင်သွားဖို့ရှိပြီး ပင်နယ်တီဧရိယာ အနီးတဝိုက်မှာ လူကျွံဘောနဲ့ လက်ထိဘောဖြစ်ရပ်တွေမှာ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်နိုင်ဖို့ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၂ ကမ္ဘာ့ဖလားမှာအသုံးပြုခဲ့တဲ့ SOAT လို့ခေါ်တဲ့ အလိုအလျောက် လူကျွံဘောဖမ်းပေးတဲ့ နည်းပညာကိုလည်းအသုံးပြုဖို့ ပရီးမီးယားလိဂ်ဘက်က စီစဉ်နေပါတယ်။