close

ကြို့ပင်ကောက်မြို့တွင် အမျိုးသား ၁ ဦး လဲကျသေဆုံး

Photo - နာရေးကူညီမှုအသင်း ကြို့ပင်ကောက်

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ မြို့မ ၂ ဈေးရှိ အများသုံး ဈေးအိမ်သာရှေ့မှာ အမျိုးသားတဦး ဧပြီ ၂၄ ရက် နေ့လယ်ပိုင်းက လဲကျသေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။

နာရေးကူညီမှုအသင်း တာဝန်ရှိသူက “အိမ်သာကအဆင်းမှာ လဲတာကို မြင်လိုက်တဲ့သူက ဖုန်းဆက် အကူအညီတောင်းတာပါ။ အသင်းသားတွေ ရောက်တဲ့အချိန်မှာ သေဆုံးနေပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူမှာ ကြို့ပင်ကောက်မြို့နယ် လက်ပံဖြူရွာမှ ဦးရွှေသိန်း (အသက် ၆၈ နှစ်) ဖြစ်ပြီး ရုပ်အလောင်းကိုတော့ မြို့နယ်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုနဲ့ ရင်းနှီးသူတဦးက “ဆေးခန်းပြရင်း အပြန်မှာ အိမ်သာဝင်တက်တာ၊ လူကြီးရောဂါပါ၊ သွေးတိုးတော့ရှိတယ်၊ ပုံမှန် ဆေးခန်းပြနေကျ၊ ရောဂါက စိုးရိမ်စရာ အခြေအနေတော့ မဟုတ်ဘူး။ နေတအားပြင်းတော့ အိမ်သာကအထွက်မှာ ဦးနှောက်သွေးကြောပြတ်သွားတာ” လို့ ပြောပါတယ်။

ပဲခူးတိုင်းအတွင်း နေ့အပူအချိန် နေ့စဉ် ၄၀ ဒီဂရီအထက်ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အပူဒဏ်အမြင့်ဆုံး ဧပြီလမှာ နေ့အပူချိန် မြင့်တက်နေပြီး ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ရာသီဥတု ပူပြင်းမှုကြောင့် လဲကျသေဆုံးသူ ၅ ဦးအထိ ရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေကနေ သိရပါတယ်။

Up