ခင်ဦးမြို့နယ် မူးသာကျေးရွာတွင် စစ်တပ်က နေအိမ် ၅၀ နီးပါး မီးရှို့ဖျက်ဆီး




စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မူးသာကျေးရွာရှိ လူနေအိမ် ၄၉ လုံးကို ဧပြီ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နဲ့ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာပြီး ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့လို့ ညနေပိုင်းမှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “စစ်တပ်က ရွာကိုမီးရှို့ခဲ့လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မနက်ပိုင်းကနေ ညနေ ၃ နာရီလောက်အထိ မီးငြိှမ်းသတ်ပေးခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀ ကျော်နဲ့ မြကန်ကျေးရွာထဲကို လက်နက်ကြီး လက်နက်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာရာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၅ ဦး ကျဆုံးခဲ့ကာ ဒေသခံ အရပ်သားပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ခင်ဦး သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။