၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃,၄၈၆ ဦးကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၂၂,၀၀၀ ခန့် ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၈၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၉၉၀ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၇၆၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၈၁၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၂၂၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၈ ရက် မနက်ပိုင်းက တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာအုပ်စု၊ ဝက်ချောင်းကျေးရွာနဲ့ ခမောင်းချောင်းကျေးရွာကို အင်အား ၅၀ ဝန်းကျင်ပါဝင်တဲ့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဝက်ချောင်းကျေးရွာ ဒေသခံ အယောက် ၂ဝ နဲ့ ခမောင်းချောင်းကျေးရွာ ဒေသခံ ၁ဝ ယောက်ကို ဖမ်းဆီးပြီး ခမောင်းချောင်းကျေးရွာ စာသင်ကျောင်းမှာ ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မေ ၈ တရက်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပရစ်ကုန်း(တောင်) ကျေးရွာမှာ နေထိုင်တဲ့ လယ်တောကျေးရွာသား ကိုထွန်းထွန်းလင်းကို အင်အား ၃၀ လောက် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တို့က အကြောင်းမဲ့ ဖမ်းဆီးပြီးနောက် ပရစ်ကုန်းကျေးရွာ မူလတန်းကျောင်းဆီ ခေါ်ဆောင်သွားကာ ညှဉ်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သတ်ဖြတ်ခံရတဲ့ ကိုထွန်းထွန်းလင်းရဲ့ ရုပ်အလောင်းကိုတော့ အဲဒီကျောင်းရှေ့မှာပဲ တွေ့ရှိခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။