နယူးဇီလန်တွင် မိုးသည်းထန်ပြီး ရေကြီး၊ အရေးပေါ်အခြေအနေကြေညာ

နယူးဇီလန်နိုင်ငံမှာ မေ ၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နော့သ်အိုင်လန်မြို့လေးရဲ့ ဧရိယာအတော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတာကြောင့် နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အော့ခ်လန်းမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ အေဂျင်စီက မိုးသည်းထန်စွာရွာသွန်းပြီး မြို့ပြဧရိယာတွေက လမ်းတွေမှာ ရေလျှံနေတဲ့ အော့ကလန် အပါအဝင် နော့သ်အိုင်လန်းရဲ့ နေရာအတော်များများအတွက် ရာသီဥတု သတိပေးချက်တွေနဲ့ စောင့်ကြည့်မှုတွေကို ထုတ်ပြန်ခဲ့ပါတယ်။
အမြန်လမ်းတွေကိုလည်း ပိတ်ထားရတဲ့အပြင် ရထားနဲ့ ပို့ဆောင်ရေး ဝန်ဆောင်မှုတွေကိုလည်း ရပ်ဆိုင်းထားရပြီး ရာသီဥတုကြောင့် ကျောင်းတချို့လည်း ပိတ်ထားရပါတယ်။
မေ ၉ ရက်က မြို့တွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တချို့နေရာတွေမှာ တနာရီကို ၃၅ မှ ၄၀ မီလီမီတာကြား မိုးရွာသွန်းခဲ့ပါတယ်။
မြို့တွင်းရှိ တခြားနေရာတွေမှာလည်း လေတိုက်နှုန်းက တနာရီကို ကီလိုမီတာ ၁၁၀ အထိ တိုက်ခတ်ပြီး မိုးကြိုးမုန်တိုင်းတွေလည်း ကျရောက်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဝှန်ဂါရေမြို့အနီးရှိ လိုဏ်ဂူမှာ အတန်းဖော်တွေနဲ့အတူ ကျောင်းသင်ရိုးပြင်ပ လေ့လာရေးခရီး ထွက်ရင်း နော့သ်အိုင်လန်းမြို့က ကျောင်းသားတယောက်လည်း ရုတ်တရက် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့တာကနေ မျောပါ ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ညဘက်မှာ ရှာဖွေရေးကို ခေတ္တရပ်ဆိုင်းခဲ့ပေမဲ့ အထူးကိရိယာတွေ တပ်ဆင်ပြီးနောက်မှာ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ရဲတွေက နောက်ပိုင်းမှာ အသိပေးခဲ့ပါတယ်။