ကုလအတွင်းရေးမှူးချုပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးဆွေးနွေး

မလေးရှားဝန်ကြီးချုပ် တန်ဆရီ မူဟစ်ဒင်ယက်ဆင်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရပ်စ်တို့ မြန်မာ့အရေးနဲ့ ပါလက်စတိုင်းအရေးတို့ကို တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး အသေးစိတ် ဆွေးနွေးခဲ့ကြတယ်လို့ မလေးရှားဝန်ကြီးချုပ်ရုံးက မေလ ၂၇ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဒီဆက်သွယ်မှုဟာ မြန်မာနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေမှာ မလေးရှားနိုင်ငံက နိုင်ငံတကာအဆင့် အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိကြောင်း အသိအမှတ်ပြုကြောင်း ပြသတာဖြစ်တယ်လို့ မလေးရှား သတင်းတွေမှာ ရေးပါတယ်။
ဒီဆွေးနွေးချက်တွေမှာ မလေးဝန်ကြီးချုပ်နဲ့ ကုလအတွင်းရေးမှူးချုပ်တို့ဟာ ခုချိန်ထိ အပြုသဘောဆောင် တိုးတက်မှုမရှိသေးတဲ့ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေကို စိုးရိမ်ပူပန်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှားနဲ့ တခြားအာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို အဖြေရှာဖို့ ဧပြီလက အစည်းအဝေးကျင်းပခဲ့တယ်လို့ မလေးဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် မူဟစ်ဒင်ဟာ အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ ရရှိခဲ့တဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ကတဆင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာဖို့ ကုလသမဂ္ဂနဲ့ အာဆီယံတို့က ပူးပေါင်းပါဝင်နိုင်တယ်လို့ ရှုမြင်ကြောင်းလဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းစွာဖြေရှင်းနိုင်တဲ့နည်းလမ်း ရှာဖွေဖို့အတွက် အာဆီယံဥက္ကဋ္ဌရဲ့အထူးသံတမန်ကို ခန့်အပ်ရေး အပြီးသတ် ဆောင်ရွက်နေပါတယ်လို့ မလေးရှားက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုကိုသေချာစေဖို့ ရည်ရွယ်ပြီး သက်ဆိုင်သူတွေအားလုံး အပြုသဘောဆောင်ပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မလေးရှားဝန်ကြီးချုပ်နဲ့ ကုလအတွင်းရေးမှူးချုပ်တို့က သဘောတူကြပါတယ်။