ကိုဗစ်-၁၉ ထိန်းချုပ်ရန် မလေးရှားနိုင်ငံတဝန်း အသွားအလာ ပိတ်ဆို့ ကန့်သတ်

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး စဖြစ်ကတည်းက အဆိုးဆုံးအဆင့်နဲ့ ကူးစက်နေလို့ ကပ်ဘေးထိန်းချုပ်ရေးအတွက် သီတင်းပတ် ၂ ပတ်ကြာမှာ တနိုင်ငံလုံးအသွားအလာ ပိတ်ဆို့ကန့်သတ်ချက် လော့ဒေါင်းကို ဇွန်လ ၁ ရက်က စပြီး ချမှတ် ကျင့်သုံးလိုက်ပါတယ်။
မြို့တော်ကွာလာလမ်ပူနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရဲတွေက လမ်းတွေကို ပိတ်ဆို့ထားပြီး ခွင့်ပြုချက်မရဘဲ ခရီးသွားသူတွေကို စစ်ဆေးနေပါတယ်။ ဒါကြောင့် များသောအားဖြင့် ပိတ်ဆို့ကြပ်ညပ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှု သက်သာသွားတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။
မဖြစ်မနေ ဝန်ဆောင်မှုတွေကိုသာ ခွင့်ပြုထားတာဖြစ်ပြီး ဒီကန့်သတ်ချက်ကို လုံးဝပိတ်ဆို့မှုအဖြစ် ဝန်ကြီးချုပ် မာယစ်ဒင်ယာဆင်က မေလ ၂၈ ရက်မှာ ပြောပါတယ်။
မလေးရှား ကုန်ထုတ်လုပ်မှုကဏ္ဍရဲ့ အစိတ်အပိုင်းတွေကို ဆက်လက် လည်ပတ်ဖို့ ခွင့်ပြုထားပေမယ့် လုပ်သားအင်အားကို လျှော့ချထားပါတယ်။
မလေးရှားမှာ ဇွန်လ ၁ ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံ ၇၁၀၅ ယောက်ရှိပြီး စုစုပေါင်း ကူးစက်ခံ ဦးရေ ၅၇၉၀၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။
တနိုင်ငံလုံး အသွားအလာကန့်သတ်ချက် လော့ဒေါင်းရဲ့ဒဏ်ကို ခံရတဲ့ကဏ္ဍတွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံကို ထပ်ပြီး စီစဉ်မယ်လို့ မလေးရှား အစိုးရက ကြေညာခဲ့ပါတယ်။