ပြင်သစ်-ဂျာမနီ ထိပ်တိုက်တွေ့ဆုံမှု ပွဲကြီးပွဲကောင်းဖြစ်မည်ဟု နည်းပြ ဒက်ချမ့်ပြော

ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ အုပ်စု (F) အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြမယ့် ပြင်သစ်-ဂျာမနီ ပွဲဟာ ဥရောပရဲ့ အကောင်းဆုံး ၂ သင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တယ်လို့ ပြင်သစ်နည်းပြ ဒက်ချမ့်က ပြောပါတယ်။
ပြင်သစ်နဲ့ ဂျာမနီတို့ဟာ မြန်မာစံတော်ချိန် ဇွန်လ ၁၆ ရက် မနက် ၁ နာရီခွဲအချိန်မှာ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားကြမှာပါ။
ဒီပွဲက ဥရောပရဲ့ အကောင်းဆုံး ၂ သင်း ယှဉ်ပြိုင်မယ့်ပွဲဖြစ်ပြီး အုပ်စုအဖွင့်ပွဲမှာကတည်းက တွေ့ဆုံနေတာက ၂ သင်းစလုံးအတွက် ထိတ်လန့်ဖွယ်ရာ စတင်မှုနဲ့ ကြုံတွေ့တာဖြစ်တယ်လို့ ဒက်ချမ့်က ပြောပါတယ်။
“ဒီပွဲအတွက် ဂျာမနီက အဆင်သင့်ဖြစ်နေလိမ့်မယ်။ ကျနော်တို့ကလည်း အဆင်သင့်ပါပဲ။ ထိပ်တန်းအဆင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပြီး နည်းစနစ်ပိုင်းကတော့ ကွဲပြားခြားနား ပါလိမ့်မယ်။ နှစ်သင်းစလုံးကတော့ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ ရည်မှန်းထားကြပါလိမ့်မယ်” လို့ ပြင်သစ်နည်းပြ ဒက်ချမ့်က သုံးသပ်ပြောပါတယ်။