အစ္စရေးက ပေးပို့မည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပါလက်စတိုင်း လက်မခံ

အစ္စရေးနိုင်ငံကနေ သက်တမ်းကုန်ဆုံးတော့မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေးတွေ ပေးပို့မှုကို လက်ခံမယ့် သဘောတူညီချက်ကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) က ဖျက်သိမ်းလိုက်တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) တို့ဟာ ကာကွယ်ဆေးလဲလှယ်ရေး အစီအစဉ်ကို သောကြာနေ့ အစောပိုင်းက ကြေညာခဲ့ပြီး အစ္စရေးက Pfizer-BioNTech ဆေး ပမာဏ ၁ ဒသမ ၄ သန်းအထိ ပို့ပေးမှာဖြစ်ပြီးတော့ အပြန်အလှန်အားဖြင့် ပါလက်စတိုင်းဘက်ကလည်း ဒီနှစ် နှောင်းပိုင်းမှာ အဲ့ဒီဆေးအရေအတွက်အတိုင်း လဲလှယ်ပေးဖို့ သဘောတူထားတာပါ။
ဒီဆေးတွေဟာ မကြာခင်မှာ သက်တမ်းကုန်တော့မယ်လို့ အစ္စရေး၀န်ကြီးချုပ်ရုံးက အဲ့ဒီသဘောတူညီချက်ကို ကြေညာတဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ပါလက်စတိုင်းဘက်ကတော့ သူတို့ဟာ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနဲ့ ဂါဇာဒေသမှာ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အရှိန်မြှင့်ဖို့ အတည်ပြုထားတာလို့ ဆိုပါတယ်။
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ကတော့ ဆေးသက်တမ်း သတ်မှတ်တဲ့ ရက်စွဲကိစ္စနဲ့ သဘောတူထားချက်ကို ဖျက်သိမ်းလိုက်ပြီး ကနဦးတင်ပို့လာတဲ့ ထိုးဆေးပမာဏ ၉ သောင်းကို အစ္စရေးကို ပြန်ပို့လိုက်ပြီလို့ PA ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။