ပူတာအိုတွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြလူငယ်များ၏ မိသားစု၀င်များ ခြိမ်းခြောက်ခံရ

ကချင်ပြည်နယ်အတွင်းက ပူတာအိုမြို့မှာ အကြမ်းဖက်စစ်ကောင်စီအား အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာ ပါ၀င်ကြတဲ့ လူငယ်တွေရဲ့ မိသားစု၀င်များ ခြိမ်းခြောက်ခံရတယ်လို့ ပူတာအိုလူငယ်တစ်ဦးက ပြောပါတယ်။
ပူတာအိုမြို့မှာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူငယ်တွေကို ဖမ်း၀ရမ်းထုတ်ခံရတဲ့အပြင် သူတို့မိသားစု၀င်များကိုလည်း ၀ရမ်းထုတ်ခံရတဲ့ လူငယ်တွေကိုယ်စား ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်ခံရတယ်လို့ ပြောပါတယ်။
“ကျနော့်ညီနဲ့ပတ်သက်ပြီး အိမ်ကို လာစစ်တယ်၊ ညီကိုယ်စား ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်ခံရတာ ၁၀ ကြိမ်ထက်မကတော့ပါဘူး။ ညီတို့ကိုလည်း PDF အဖွဲ့၀င်တွေဆိုပြီး မတရားစွပ်စွဲကာ ဖမ်းဆီးဖို့ လုပ်နေလို့ ခုချိန်ထိ တောမှာ ပုန်းရှောင်နေရတယ်” လို့ ဆိုပါတယ်။
ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှာ အခြေချထားတဲ့ စစ်ကောင်စီလက်အောက် ခလရ (၁၃၇) စခန်းကို ဇွန် ၂၂ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူတာအို PDF အဖွဲ့တို့ ပူးပေါင်းကာ လက်နက်ကြီးတွေနဲ့ ပစ်ချခဲ့တာရှိခဲ့ပြီးနောက် ပူတာအို သပိတ်စစ်ကြောင်းမှာ ပါ၀င်ခဲ့တဲ့ လူငယ်တွေကို အကြမ်းဖက်စစ်ကောင်စီဘက်က မတရားဖမ်းဆီးဖို့ ကြိုးစားလာကြတာလို့ သိရပါတယ်။