အီသီယိုးပီးယားတွင် အမည်မသိသူများ တိုက်ခိုက်မှုကြောင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ဝင် ၃ ဦး သေဆုံး

အီသီယိုးပီးယားနိုင်ငံ တစ်ဂရေးဒေသအတွင်း တိုက်ခိုက်ခံရမှုကြောင့် နယ်စည်း မခြားဆရာဝန်များအဖွဲ့ (MSF)ရဲ့ စပိန်အဖွဲ့ခွဲအတွက် အလုပ်လုပ်နေတဲ့ ဝန်ထမ်း ၃ယောက် သေဆုံးတယ်လို့ ဆေးဘက် ပရဟိတအဖွဲ့က ဇွန် ၂၅ ရက်မှာ ပြောပါတယ်။
MSF-Spain ဟာ အဖွဲ့ကို ခေါ်သွားတဲ့ ကားနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ ကြေညာချက်ထဲမှာ ပြောပါတယ်။
ဒီမနက်မှာတော့ ကားကို အခွံပဲ တွေ့ရတယ် ဝန်ထမ်းတွေရဲ့ အသက်မဲ့ ခန္ဓာကို မီတာ နည်းနည်း အဝေးမှာ တွေ့ရပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးဘူးလို့ MSF-Spain ရဲ့ ကြေညာချက်က ဆိုပါတယ်။
စပိန်နိုင်ငံသား ၁ ယောက်နဲ့ အီသီယိုပီးယား နိုင်ငံသား ၂ ယောက်တို့ သေဆုံးတယ်လို့လည်း ဆိုပါတယ်။
နိုဝင်ဘာကစပြီး အီသီယိုပီးယားစစ်တပ်နဲ့ အာဏာရ ပါတီဟောင်းကို သစ္စာခံတဲ့ တပ်တွေကြား တိုက်ပွဲတွေ ပြန်စခဲ့ပြီးတဲ့နောက် ကူညီရေးလုပ်သား အသတ်ခံရတာ ၁၂ ယောက်ထက်မနည်း ရှိပြီလို့ ပြောထားပါတယ်။
အီသီယိုးပီးယား ပဋိပက္ခကြောင့် လူထောင်ချီ သေဆုံးပြီး လူ ၂ သန်းလောက် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
စပိန်ဝန်ကြီးချုပ် ပဒရိုစန်ချက်စ်ကလည်း အသတ်ခံရသူတွေရဲ့ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဝမ်းနည်းစာနာကြောင်း တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။