မဲဆောက်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၅၀ ကျော် ကိုဗစ်ကူးစက်ခံရ

ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ တဘက်ကမ်း မဲဆောက်မြို့နယ် တောင်ဘက် ၁ မိုင်လောက်အကွာမှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းတိုင်းရင်းသားတွေ စုစုပေါင်း ၄၅၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာလို့ သိရပါတယ်။
မြန်မာရွှေ့ပြောင်းအများစုနေထိုင်တဲ့ လုပ်ငန်းခွင် စက်ရုံအရှေ့ဘက် အလုပ်သမားအဆောင်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦး ကိုယ်ပူချိန်မြင့်တက်လာလို့ ဇွန် ၂၆ ရက်နေ့မှာ ဆေးရုံကိုပို့ပြီး ကျန်းမာရေးစစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
သက်ဆိုင်တဲ့ စက်ရုံကို လူအဝင်အထွက်ပိတ်ပြီး ထိုင်းနိုင်ငံကျန်းမာရေးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ လာရောက်စစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာ ၄၅၂ ဦးတွေ့ရှိခဲ့တာလို့ သိရပါတယ်။
ကိုဗစ်ကူးစက်ခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လေအဝင်အထွက် ကောင်းမွန်တဲ့ စက်ရုံကြီးမှာ ယာယီဆေးရုံအဖြစ် ထားရှိကာ ကိုဗစ်ရောဂါကုသပေးမှာဖြစ်ကြောင်း၊ စက်ရုံအရှေ့ဘက်က အိမ်ငှားရမ်းသူ ထိုင်းကျောင်းဆရာမလည်း ပိုးတွေ့ရှိလို့ မဲဆောက်မြို့စာသင်ကျောင်းတွေ ၅ ရက်ပိတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ ရောဂါတွေ့တဲ့ စက်ရုံနဲ့ အနီးတဝိုက် နေထိုင်သူတွေအားလုံးကို ကိုယ့်အိမ်ထဲ ၁၄ ရက်နေပြီး ကျန်းမာရေး ဆေးစစ်ချက် အဖြေတစ်ခုပေါ်မှ ပုံမှန်လုပ်ငန်းတွေပြန်စရမှာဖြစ်ကြောင်း တာခ်ရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။