close

အိန္ဒိယနှင့် အင်ဒိုနီးရှား မြန်မာ့အရေးနှင့် ကိုဗစ်အရေး ဆွေးနွေး

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာဟာ ဇွန် ၂၈ ရက် G-20 ၀န်ကြီးများ အစည်းအဝေးရဲ့ ပြင်ပမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီနဲ့ တွေ့ဆုံခဲ့ပြီး ကိုဗစ်-၁၉ အရေးနဲ့ မြန်မာနိုင်ငံ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ဂရိနိုင်ငံကနေ အီတလီနိုင်ငံကို နှစ်နိုင်ငံခရီးစဉ်အနေနဲ့ ရောက်ရှိလာတဲ့ အိန္ဒိယဝန်ကြီးဟာ သူ့ရဲ့ အင်ဒိုနီးရှားမိတ်ဆွေနဲ့တွေ့ဆုံခဲ့ပြီး ကိုဗစ်-၁၉  ကူးစက်ရောဂါအတွက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ မြန်မာနိုင်ငံက အခြေအနေအပေါ် အမြင်သဘောထားတွေ ဖလှယ်ခဲ့တယ်လို့  သူ့ရဲ့လူမှုကွန်ရက် တွစ်တာစာမျက်နှာမှာ ရေးထားပါတယ်။

အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ ဇွန်လ ၂၅ ရက်က ၆ ကြိမ်မြောက် ဆွစ်ဇာလန် နိုင်ငံခြားရေးရုံးညှိနှိုင်းမှု (FOC) ကျင်းပပြီးနောက် ရက်အနည်းငယ်အကြာမှာ ခုလို ထပ်မံတွေ့ဆုံထားတာပါ။

FOC အစည်းအဝေးမှာ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်တွေရဲ့  မူဘောင်အောက်မှာ နှစ်နိုင်ငံစလုံးရဲ့ အပြန်အလှန်ဆက်ဆံရေး အစအဆုံးကို ပြန်လည်သုံးသပ်ခဲ့ကြတာပါ။ နိုင်ငံရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ မဟာဗျူဟာ၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု အပါအ၀င် မတူကွဲပြားတဲ့ ဒေသတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးကို အတူတကွ ပေါင်းစည်းလုပ်ကိုင်ကြတဲ့ သြဇာကြီးမားသောအုပ်စု G-20 ရဲ့ အဖွဲ့ဝင်နိုင်ငံတခု ဖြစ်ပါတယ်။ G20 ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလမှာ အီတလီမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ 

အိန္ဒိယနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ G-20 ဥက္ကဋ္ဌ ရာထူးယူဖို့ မျှော်မှန်းထားပါတယ်။ G-20 အဖွဲ့ဝင်နိုင်ငံတွေကတော့ အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ မက္ကဆီကို၊ ရုရှား၊ တောင်အာဖရိက၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား၊ တူရကီ၊ ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေ ပါဝင်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up