close

မြန်မာတွင် တရက်တည်း ကိုဗစ်ကူးစက်မှုအသစ် ၁၃၀၀ ကျော်၊ ပိုးတွေ့နှုန်း ၁၆ ရာခိုင်နှုန်းနီးပါး မြင့်တက်

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်   ၁,၃၁၂ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၅၅,၆၉၇ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၈,၂၃၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၃၁၂ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုး တွေ့နှုန်း ၁၅ ဒသမ ၉၄ ရာခိုင်နှုန်း ရှိနေခဲ့ကာ ပြီးခဲ့တဲ့ ရက်တွေကထက် ပိုမိုများပြားလာတာပါ။

ဒါ့အပြင် လူနာ ၁၁ ယောက် ထပ်မံသေဆုံးတာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ  ၃,၃၂၀ ယောက် ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်း ခွင့်ရခဲ့သူအရေအတွက်ကတော့ ၂၈၉ ယောက် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ် ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့ က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦးရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up