close

နှစ်ဘက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ကျော်နှင့် CNDF က ၄ ဦး ကျဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းမှာ ဇွန် ၂၉ ရက်နေ့ မနက် ၇ နာရီခွဲလောက်က Chin National Defense Force (CNDF) နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဘက်က ၂၀ ကျော် ကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ သိရပါတယ်။

နှစ်ဘက်တပ်တွေ ၂ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး CNDF ဘက်ကတော့ ၄ ဦး ကျဆုံးက ၃ ဦးဒဏ်ရာရရှိတယ်လို့ CNDF ကထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က CNDF တွေရှိတဲ့ နေရာတခုကို ထိုးစစ်ဆင်ဖို့ အင်အားအများအပြားနဲ့ လက်နက်ကြီးတွေ အလွန်အကျွံ အသုံးပြုကာ ကျူးကျော် ဝင်ရောက်လာတာကြောင့် ခုခံကာကွယ် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်တွေကလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့နယ်ထဲက ကျေးရွာတချို့ကို ဝင်ရောက်ပြီး အိမ်မွေးတိရစ္ဆာန်တွေကို အဓမ္မလုယူသတ်ဖြတ် စားသောက်ကာ နေအိမ်တချို့ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်သူပုန်တချို့ ဆုတ်ခွာသွားပြီးတော့ ယာယီငြိမ်သက်နေပေမယ့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လွန်စွာစိုးရိမ်ပူပန်ခြင်းမရှိဘဲ သတိကြီးစွာ သွားလာနေထိုင်ကြဖို့နဲ့ CNDF ရဲ့ မူလရပ်တည်ချက်ဖြစ်တဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ ထိခိုက်နစ်နာမှု မရှိအောင် လှုပ်ရှားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

နှစ်ဘက် တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up