close

မြို့သစ်မြို့နယ် ပုလင်းပြားကြီးရွာသားများကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး၊ PSI စလောင်းများ ဖြုတ်သိမ်း

မကွေးတိုင်း၊ မြို့သစ်မြို့နယ်အတွင်းက ပုလင်းပြားကြီးကျေးရွာကို ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်တပ် လာရောက်ပြီး ကျေးရွာသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒေသခံရွာသားတစ်ဦးက “သူတို့က လူတယောက်ကိုလာရှာတဲ့။ မတွေ့သွားဘူး။ ဒါပေမယ့် တောထဲအလုပ်သွားလုပ်ပြီး ပြန်လာတဲ့သူကို ဓားပါလို့ဆိုပြီးဖမ်းသွားတယ်။ ရွာသား ၃ ယောက်ကို ဖမ်းသွားသေးတယ်။ ဘယ်ကိုဖမ်းသွားလည်းမသိဘူး။ ဒလန်ကြောင့်ပဲဖြစ်မှာပါ” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က မကြီးကုန်းကျေးရွာက ဒေသခံတွေရဲ့ PSI စလောင်းတွေကို ဖြုတ်သိမ်းသွားပြီး ကြိမ်းမောင်းသွားတယ်လို့ သိရပါတယ်။

“မနေ့ညနေက သူတို့တွေရွာထဲဝင်လာပြီး အိမ်တွေက PSI စလောင်း ၁၀ လုံးလောက်ဖြုတ်သွားတယ်။ ကျန်တာတွေမဖြုတ်ရင် ရွာနာမယ်လို့ ကြိမ်းမောင်းသွားတယ်” လို့ မကြီးကုန်းကျေးရွာခံတစ်ဦးက ပြောပါတယ်။

မကွေးတိုင်းထဲက မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မကြာခဏဝင်ရောက်ပြီး ဒေသခံတွေကို အကြမ်းဖက်ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up