အာဏာသိမ်းစစ်ကောင်စီကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်ချမှတ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးကတည်းက ဖိနှိပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီအကြိမ်ဖက်အဖွဲ့ကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ကြောင်း ဇွန် ၁ ရက်နေ့က ကြေညာလိုက်ပါတယ်။
ရှေ့နေချုပ်၊ ၀န်ကြီး ၄ ယောက်နဲ့ ဒုတိယ၀န်ကြီး ၄ ယောက် အပါအဝင် လူ ၈ ယောက်ကို ပစ်မှတ်ထားတဲ့ စာရင်းထဲ ထပ်ဖြည့်လိုက်တာ ဖြစ်ပါတယ်။
ဒီလူတွေဟာ မြန်မာပြည်က ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို အားနည်းစေတဲ့ လုပ်ရပ်တွေနဲ့ မူဝါဒတွေကိုသာမက နိုင်ငံရဲ့ငြိမ်းချမ်းရေး၊ လုံခြုံမှုနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ လုပ်ရပ်တွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရုံသာမက ထောက်ခံအားပေးသူတွေ ဖြစ်တယ်လို့ စီးပွားရေးရာ နိုင်ငံတော်အတွင်းဝန်ရုံးက ပြောပါတယ်။
ဒဏ်ခတ်အရေးယူခံထားရသူတွေကို ဆွစ်ဇာလန်က ခရီးသွားလာမှုတားမြစ်ထားပြီး ဆွစ်ဇာလန်မှာရှိတဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ထုတ်ယူသုံးစွဲခြင်း မပြုနိုင်ဖို့ တားမြစ်ထားပါတယ်။
ဒါ့အပြင် ကျောက်မျက်ရတနာနဲ့ သစ်လုပ်ငန်းကဏ္ဍတွေမှာ ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်း ၄ ခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲမှာ ထပ်ဖြည့်ထားပါတယ်။
ဆွစ်ဇာလန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ပြီးခဲ့တဲ့အပတ်က ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ပင်ထားမှုနဲ့လည်း ကိုက်ညီပါတယ်။
ဧပြီလတုန်းက ဆွစ်ဇာလန်နိုင်ငံဟာ မြန်မာစစ်ကောင်စီအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၉ ယောက်အပြင် ရွေးကောက်ပွဲဥက္ကဋ္ဌတို့ကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်ခဲ့ပါတယ်။