close

ထရမ့်ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်ကို အခွန်လိမ်လည်မှုဖြင့် တရားစွဲ

ထရမ့် ကုမ္ပဏီအဖွဲ့အစည်းရဲ့ သက်တမ်းရှည် ဘဏ္ဍာရေးအရာရှိချုပ် အလန်ဝိုင်ဆယ်လ်ဘာ့ဂ်ကို  နယူးယောက်တရားရုံးက အခွန်လိမ်လည်မှုနဲ့ တရားစွဲထားပါတယ်။ 

နယူးယောက်အစိုးရရှေ့နေတွေရဲ့နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးမှုအပြီးမှာ သမ္မတဟောင်း ထရမ့်ရဲ့ ကုမ္ပဏီအဖွဲ့အစည်းအပေါ် ပထမဦးဆုံး ပြစ်မှုဆိုင်ရာစွဲချက် တင်နိုင်လိုက်တာဖြစ်ပြီး ကြီးမားကျယ်ပြန့်တဲ့ တရားမဝင်ငွေပေးချေမှု အစီအစဉ်တွေကြောင့် အခွန်နဲ့ဆက်နွှယ်နေတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်မှုနဲ့ တရားစွဲထားတာပါ။ 

ထရမ့်မိသားစုအတွက် နှစ်ပေါင်း ၅၀ နီးပါး အလုပ်လုပ်လာခဲ့တဲ့ အသက် ၇၆ နှစ်အရွယ် ဘဏ္ဍာရေးမှူးချုပ် ဝိုင်ဆယ်လ်ဘာ့ဂ် ဟာ ဇူလိုင် ၁ ရက် မနက် ၆ နာရီမှာတော့ မန်ဟက်တန်ရာဇဝတ်မှုရုံးမှာ အပြစ်ဝန်ခံလိုက်ပါတယ်။

ဝိုင်ဆယ်လ်ဘာ့ဂ်ဟာ နယူးယောက်အစိုးရရှေ့နေတွေနဲ့ သမ္မတဟောင်းတို့အကြား မြင့်တက်နေတဲ့ ပဋိက္ခရဲ့ နောက်ဆုံးအဆင့်မှာ ငှားရမ်းခ အခမဲ့တိုက်ခန်းတွေ၊ ကျောင်းလခနဲ့ ကားတွေအပါအ၀င် ကုမ္ပဏီကပေးထားတဲ့ အခွင့်အရေးတွေနဲ့ အကျိုးခံစားခွင့်တွေအပေါ် အခွန်စည်းကြပ်မှုနဲ့ပတ်သက်ပြီး စနစ်တကျအစီရင်ခံဖို့ ပျက်ကွက်တာကြောင့် မန်ဟက်တန်ခရိုင်ရှေ့နေက စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ 

အစိုးရရှေ့နေတွေရဲ့ အဆိုအရ ထရမ့်အဖွဲ့အစည်းဟာ ၀န်ထမ်းငှားရမ်းခ၊ အိမ်ငှားခ၊ ကားဂိုဒေါင်ခ၊ ကျောင်းကုန်ကျစရိတ်နဲ့ တခြားလူနေမှု စရိတ်တွေကို စနစ်တကျ မကြေညာပဲ ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၇၆ သန်းကို ဖုံးကွယ်ထားပြီး ပေးဆောင်ခဲ့တာကြောင့် သူတို့ဟာ ပေးဆောင်သင့်တဲ့ ပမာဏထက် သိသိသာသာ လျော့နည်းတဲ့ပမာဏကိုပဲ ဖက်ဒရယ်အခွန်၊ ပြည်နယ်ခွန်၊ ဒေသန္တရအခွန်တွေကို လျှော့ပေါ့ပြီး ပေးဆောင်တာလို့ ဆိုပါတယ်။ 

ထရမ့်အဖွဲ့အစည်းကို စွဲချက်တင်တာဟာ ဘဏ်တွေ၊ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကုမ္ပဏီရဲ့ဆက်ဆံရေးကို အားနည်းစေပြီး ၂၀၂၄ မှာ သမ္မတရာထူးအတွက် ထပ်မံယှဉ်ပြိုင်ဖို့ စဉ်းစားနေတဲ့ ထရမ့်ရဲ့ နိုင်ငံရေးအနာဂတ်ကို ရှုပ်ထွေးစေနိုင်ပါတယ်။ 

ထရမ့်အဖွဲ့အစည်းကတော့ ခရိုင်ရှေ့နေဟာ ထရမ့်မိသားစုလုပ်ငန်း အတွက် ၄၈ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့  ဝိုင်ဆယ်လ်ဘာ့ဂ်ကို အသုံးချပြီး သမ္မတဟောင်းကို ထိခိုက်အောင် ကြိုးပမ်းနေတာလို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up