close

ဝက်လက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၀ ကျော်အထိရှိလာ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ  ရောဂါကူးစက်ခံရသူ အယောက် ၄၀ ကျော်အထိ ရှိလာပြီလို့   ကိုဗစ်ရောဂါအရေး စေတနာ့ဝန်ထမ်း လုပ်နေသူတွေထံက သိရပါတယ်။

“ဝက်လက်မြို့နယ်အတွင်းမှာ ကိုဗစ်တတိယလှိုင်းကို ချေးငွေလုပ်ငန်းတခုမှာ လုပ်နေသူတွေဆီက စတင်တွေ့ခဲ့တာ၊‌ နောက် ရဲအုပ်နှစ်ယောက် ရဲတပ်သားတစ်ယောက် အပါအဝင် ရွာကြီးတရွာမှာ ၁၀ ယောက်ကျော်အထိ အစုလိုက်အပြုံလိုက် တွေ့တယ်။ အားလုံး ကိုဗစ် ကူးစက်ခံရသူ ၄၀ ကျော်သွားပြီ။ ကိုဗစ် သံသယနဲ့ သေဆုံးသူက ၅ ဦးရှိတယ်” လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အခုကာလ ကိုဗစ်ကူးစက်ခံရသူ များလာပေမဲ့ ကွာရင်တင်းစင်တာမှာ အလှူရှင်နဲ့ စေတနာ့ဝန်ထမ်းတွေ မရှိတဲ့အတွက်  အခက်အခဲတွေရှိနေကြတယ်လို့လည်း ဆိုပါတယ်။

“အရင်ကတော့ သူ့အလှူရှင်နဲ့ သူ ရှိကြတာပေါ့။ စေတနာ့ဝန်ထမ်းလည်း များတယ်လေ။ အခု တတိယလှိုင်းမှာ သက်ဆိုင်ရာကလည်း ထောက်ပံ့မယ်ပြောပေမဲ့ အခုထိ မထောက်ပံ့သေးဘူး။ PPE ဝတ်စုံတောင် အရင်က ရထားတာတွေ နဲ့အသုံးပြုနေရတာ။ စေတနာ့ဝန်ထမ်း အားနည်းတော့ ပင်ပန်းတယ်။ ရောဂါထိန်းချုပ်မှုကလည်း အားပျော့သွားတယ်” လို့ လူမှုကူညီရေး လုပ်နေသူတဦးက ပြောပါတယ်။

ဝက်လက်မြို့နယ်မှာ ဇူလိုင် ၂ ရက်အထိ ကိုဗစ် ကူးစက်ခံရမှုစာရင်းအရ ငွေချေးလုပ်ငန်းတခုက ၅ ဦး၊ တကောင်းဒေါင့်ကျေးရွာက ၄ ဦး၊ ရွှေပန်းကုန်းကျေးရွာက ရဲ ၃ ဦး အပါအဝင် ၁၃ ဦး၊ မကျီးတုံဆန်စက်က ၂ ဦး၊ ကော်တုံရွာ ၃ ဦးနဲ့ ရွှေကျင်(န)ရွာ  ၃ ဦး၊ မောက်ကြိုးရွာ ၂ ဦး၊ ရှိမ္မကားရွာက ၁၂ ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄ ဦးအထိ ရှိပြီး၊ ကိုဗစ်သံသယနဲ့ သေဆုံးသူက ၅ ဦးရှိတယ်လို့ သိရပါတယ်။

လတ်တလော ကိုဗစ်ပိုးတွေ့ရှိသူတွေကို ဝက်လက်မြို့ ပြည်သူဆေးရုံကြီး ကိုဗစ်ကုသဆောင်မှာ ကုသပေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up