မြန်မာနှင့် အိန္ဒိယအတွက် ကိုရီးယား ကက်သလစ်ဘာသာဝင်များက ဝမ်ငွေသန်း ၁၃၀ လှူဒါန်း

ကိုဗစ်-၁၉ ကပ်ဘေး တကျော့ပြန် ဖြစ်ပွားနေကြတဲ့ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကို အရေးပေါ်ကယ်ဆယ်ရေးအတွက် ကိုရီးယားနိုင်ငံရှိ ကက်သလစ်ဘာသာဝင်တွေက အလှူငွေတွေ လှူဒါန်းခဲ့ကြပါတယ်။
ဆိုးလ်မြို့တော်ရှိ ကက်သလစ် ဘုရားရှိခိုးကျောင်းက ဘုန်းတော်ကြီး ဘန်းနဒစ်ဆွန်ဟီးဆုန် ဦးဆောင်တဲ့ အစီအစဉ်တစ်ခုကနေ ငွေကြေးကောက်ခံ လှူဒါန်းခဲ့တာပါ။
အဲ့ဒီအလှူငွေတွေကို အိန္ဒိယနိုင်ငံအတွက် ဝမ်ငွေသန်း ၈၀ နဲ့ မြန်မာနိုင်ငံအတွက် ဝမ်ငွေ သန်း ၅၀ ခွဲထားပြီးတော့ ကက်သလစ် ဘုရားကျောင်းတွေရဲ့ တရားဝင်နိုင်ငံတကာအဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ Caritas India နဲ့ Caritas Myanmar အဖွဲ့အစည်းတွေဆီကို Caritas Korea ကနေတဆင့် ပို့ဆောင်သွားမှာဖြစ်တယ်လို့ The Catholic Times of Korea သတင်းမှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယမှ အူတာပရာဒက်ရှ်၊ ဘီဟာနဲ့ မဟာရပ်ရှ်ထရာ ပြည်နယ်တွေရှိ လူပေါင်း ၅၀၀၀၀ အတွက် ဆေးကုသမှု ခံယူဖို့၊ ဆေးဝါးကူညီပံ့ပိုးဖို့နဲ့ အသိပညာပေးစီမံကိန်းတွေအတွက် ရန်ပုံငွေတွေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၅ လ ကတည်းက ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေမှာ ပြည်သူတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ကြုံနေရတာပါ။
မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ကက်သလစ်ဘာသာဝင်တွေရဲ့ အမာခံနယ်မြေ ကယားပြည်နယ်မှာ တောင်ကိုရီးယားမှ ရန်ပုံငွေတွေကို မြို့တော်လွိုင်ကော်က St. Raphael ဆေးခန်းနဲ့ ကရုဏာဆေးခန်းတို့မှ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ၊ သူနာပြု လက်ထောက်တွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ကိရိယာတွေ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
ရန်ပုံငွေတွေကို ခရစ်ယာန်အများစုနေထိုင်တဲ့ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက ထောင်ပေါင်းများစွာသော အိုးအိမ်မဲ့ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်တဲ့ Caritas (Karuna) Myanmar မှတစ်ဆင့်ပေးပို့သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လတုန်းက မြန်မာပြည်သူတွေနဲ့အတူရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကာဒီနယ်ဘုန်းတော်ကြီး Andrew Yeom Soo-jung ကလည်း မြန်မာနိုင်ငံအတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၅၀၀၀၀ လှူမယ်လို့ ကတိပေးခဲ့ပါတယ်။