မိုးကုတ်မြို့က ဖမ်းဆီးခံ လူငယ် ၆ ဦး မိသားစုနှင့်တွေ့ခွင့်မရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၆ ဦးဟာ တလကျော်ကြာတဲ့အထိ မိသားစုနဲ့ တွေ့ခွင့်မရဘဲ နေ့စဉ်မိုးကုတ်အချုပ်ထောင်ကြီးဆီ ထမင်းပို့နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
လူငယ် ၆ ဦးကို တခြားနိုင်ငံရေးလှုပ်ရှားသူတွေနဲ့အတူ ဖမ်းဆီးထားပြီး စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီချဖို့ ရှိနေတယ်လို့လည်း မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ထောင်ဒဏ် ၃ နှစ်ချမှာကလွဲပြီး ဘာတစ်ခုမှ မိသားစုတွေက မသိရဘဲ တရားစွဲတာ။ အမှု ဖွင့်တာမျိုးလည်း မရှိဘဲ ဖမ်းဆီးထားပြီး ထောင်ချမယ်လို့ပဲ သိရတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံ လူငယ် ၆ ဦးက အဝေးတနေရာကနေ အလုပ်လုပ်ပြီး မိုးကုတ်ကို ပြန်လာရာမှာ ပြင်ဦးလွင်လမ်းက လယ်ကြီးစစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံရပြီး ၆ ဦးစလုံးကို ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။