အာဏာသိမ်းစစ်ကောင်စီကို ရှမ်းပြည်ဖက်ဒရယ်တပ်ဦးက စစ်ကြေညာ

အာဏာသိမ်းစစ်ကောင်စီကို စစ်ကြေညာကြောင်း ရှမ်းပြည်ဖက်ဒရယ်တပ်ဦးက (SSFF) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးတို့အတွက် အဟန့်အတားဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်မကျန်နုတ်ရမှာဖြစ်တာကြောင့် ရှမ်းပြည်လွတ်မြောက်ရေးပါတီ/ ရှမ်းပြည်ဖက်ဒရယ်တပ်ဦး SSLP/SSFF အနေနဲ့ စစ်အာဏာရှင်၊ စစ်အုပ်စုနဲ့ ဗျူရိုကရက်တွေအားလုံးကို စစ်ကြေညာလိုက်တာလို့ ဆိုပါတယ်။
တိုက်ပွဲတွေကိုတော့ ပြောက်ကျားစနစ်နဲ့ပဲ ဖော်သွားမယ်လို့ SSLP အတွင်းရေးမှူး စဝ်ဖက ပြောပါတယ်။
SSLP/SSFFအနေနဲ့ ရှမ်းပြည်နယ်တခုတည်းတင် လှုပ်ရှားမှာ မဟုတ်ဘဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။
SSLP/SSFFကို လူငယ်တွေနဲ့အဓိက ဖွဲ့စည်းထားတာဖြစ်ပြီး တရားဝင်ဖွဲ့စည်းကြောင်းကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ကြေညာခဲ့တာပါ။
SSLP/SSFF အနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို မဟာမိတ်ဆက်ဆံရေးနဲ့ ဆက်ဆံသွားမှာဖြစ်ပြီး စစ်အာဏာရှင်နဲ့ပူးပေါင်းသူမှန်သမျှကိုလည်း အမြစ်ဖြတ်သွားမယ်လို့ ပြောဆိုထားပါတယ်။