ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် စစ်ကောင်စီတပ်က အိမ်မွေးတိရစ္ဆာန်များ သတ်ဖြတ်စားသောက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂါမြို့နယ်၊ နှမ်းခါးရွာမှာ စခန်းချနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ကောင်စီတပ် အင်အား ၈၀ လောက်ဟာ ကား ၃ စီးနဲ့ ရောက်လာပြီး ဇူလိုင် ၉ ရက်ကနေ ၁၃ ရက်နေ့ထိ စခန်းချသွားပြီး ဒေသခံရွာသားတွေ မွေးမြူထားတဲ့ နွား ၂ ကောင်ကို ပစ်သတ်ခဲ့တဲ့အပြင် ကြက်အကောင် ၂၀၀ ကျော်လောက်ကိုလည်း သတ်ဖြတ်စားသောက်သွားတယ်လို့ နှမ်းခါးရွာသားတစ်ယောက်က DVB ကို ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ နှမ်းခါးရွာမှာ ကားတွေကို တားပြီး ငွေကြေးတောင်းတဲ့အပြင် ရွာသားတွေရဲ့ အဝတ်အထည်နဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ဒေသခံပြည်သူတွေဟာ ရွာမှာ မနေရဲကြလို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။